အာဆီယံကော်မတီ (ဆိုးလ်) အစည်းအဝေးနှင့် ကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်လွှဲပြောင်းသည့် အခမ်းအနားသို့ မြန်မာသံအမတ်ကြီးပါဝင်တက်ရောက် (၁၃-၇-၂၀၂၃ ရက်) 

(၁၃-၇-၂၀၂၃ ရက်၊ ဆိုးလ်)

ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်၊ (၁၈:၃၀) နာရီတွင် အင်ဒိုနီးရှားသံအမတ်ကြီး နေအိမ်၌ ကျင်းပသည့် အာဆီယံကော်မတီ (ဆိုးလ်) (ASEAN Committee in Seoul- ACS) အစည်းအဝေးနှင့် ကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ တာဝန်ထမ်းဆောင်ခဲ့သော အင်ဒိုနီးရှားနိုင်ငံမှ လာအိုနိုင်ငံသို့ အလှည့်ကျဥက္ကဋ္ဌ တာဝန်လွှဲပြောင်းသည့် အခမ်းအနားသို့ ဆိုးလ်မြို့အခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံရုံးအကြီးအကဲများနှင့်အတူ ပါဝင်တက် ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် အင်ဒိုနီးရှားသံအမတ်ကြီးက ၎င်းတာဝန်ယူသည့် ကာလအတွင်း ACS အနေဖြင့် အိမ်ရှင်နိုင်ငံအစိုးရနှင့် ထိတွေ့ဆောင်ရွက်ခဲ့မှုများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနအပါအဝင် ASEAN Korea Centre (AKC) နှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်ခဲ့မှုများနှင့် ပြီးပြတ်ခြင်းမရှိသေးသည့် လုပ်ငန်းကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီး ACS ၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို လာအိုသံအမတ်ကြီးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

ထို့နောက် ACS ၏အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာလအထိ (၆) လ တာဝန်ယူထမ်းဆောင်သွားမည့် လာအိုသံအမတ်ကြီးကလည်း ကော်မတီမှ ဆက်လက်အကောင်အထည်ဖော်သွားမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။