ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသရှိ မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ဖူးပွင့်ကိုကိုသည် ဘရူနိုင်းကောင်စစ်ဝန်ချုပ် Ms. Lim Kim Suan အား ၁၄-၁၀-၂၀၂၅ ရက် (၁၀၀၀) နာရီတွင် ဘရူနိုင်း ကောင်စစ်ဝန်ချုပ်ရုံး၌ သွားရောက်မိတ်ဆက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် Ms. Lim Kim Suan က ဟောင်ကောင်ဒေသသို့ ရောက်ရှိလာသည့် မြန်မာကောင်စစ်ဝန်ချုပ်အသစ်အား နွေးထွေးစွာကြိုဆိုခဲ့ပြီး ၎င်းကိုယ်တိုင်လည်း ဟောင်ကောင်သို့ မကြာသေးမီကမှ ရောက်ရှိတာဝန်ထမ်းဆောင်ခြင်းဖြစ်သဖြင့် ဟောင်ကောင်ဒေသသို့ ရောက်ရှိပြီးနောက် ဟောင်ကောင်အစိုးရဌာန တာဝန်ရှိသူများနှင့် ဟောင်ကောင်အခြေစိုက်ကောင်စစ်ဝန်ချုပ်များနှင့် ချိတ်ဆက် ဆောင်ရွက်ခဲ့သည့် ၎င်း၏အတွေ့အကြုံများကို မျှဝေခဲ့ပါသည်။ ထို့နောက် နှစ်နိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးများအကြား အနာဂတ်ကာလတွင်လည်း ပိုမိုရင်းနှီးစွာ ဆက်လက်ပူးပေါင်းဆောင်ရွက် သွားကြရန် ကတိပြုခဲ့ကြပါသည်။

