လူဇင်ဘတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ဖလှယ်နိုင်ရန် ကျင်းပသည့် (၄) ကြိမ်မြောက် အာဆီယံနေ့အခမ်းအနားသို့ မြန်မာသံအမတ်ကြီး တက်ရောက် (၃-၆-၂၀၂၄ ရက်)

(၃-၆-၂၀၂၄ ရက်၊ လူဇင်ဘတ်)

ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ လူဇင်ဘတ် နိုင်ငံများနှင့် အီးယူဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန်သည် ၃-၆-၂၀၂၄ ရက်တွင် လူဇင်ဘတ်မြို့ရှိ လူဇင်ဘတ်ကုန်သည်ကြီးများအသင်း (Luxembourg Chamber of Commerce) ရုံးချုပ်၌ “Connecting the dots for a sustainable future” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည့် (၄) ကြိမ်မြောက် အာဆီယံနေ့ အခမ်းအနား (4th ASEAN Day 2024) သို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ အား ရှင်းလင်းပြောကြားခဲ့ပါသည်။

လူဇင်ဘတ် အာဆီယံနေ့ အခမ်းအနားသည် လူဇင်ဘတ်နိုင်ငံခြားရေး၊ ဥရောပရေးရာနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနက လူဇင်ဘတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ဖလှယ်နိုင်ရန်အတွက် လူဇင်ဘတ်ကုန်သည်ကြီးများ အသင်းနှင့် အာဆီယံ-ဘရပ်ဆဲလ်ကော်မတီတို့နှင့် (၂) နှစ်တစ်ကြိမ် ပူးပေါင်းစီစဉ်ကျင်းပသည့် အခမ်းအနား တစ်ခုဖြစ်ပါသည်။ ယခုနှစ် အာဆီယံနေ့အခမ်းအနားသို့ လူဇင်ဘတ်နိုင်ငံခြားရေး၊ ကုန်သွယ် ရေး၊ စီးပွားရေးနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ လူဇင်ဘတ်နိုင်ငံဆိုင်ရာ အာဆီယံသံအမတ်ကြီးများ၊ လူဇင်ဘတ်ကုန်သည်ကြီးများအသင်းမှ တာဝန်ရှိသူများနှင့် စီးပွား ရေးလုပ်ငန်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ 

အခမ်းအနားတွင် အာဆီယံသံအမတ်ကြီးများက သက်ဆိုင်ရာနိုင်ငံအလိုက် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများနှင့် စိန်ခေါ်မှုများကို အသီးသီး ရှင်းလင်းပြောကြားခဲ့ကြပါသည်။ မြန်မာသံအမတ်ကြီးကလည်း မြန်မာနိုင်ငံသည် အီးယူ၏ ကုန်သွယ်မှုဆိုင်ရာ အထူးအခွန် ကင်းလွတ်ခွင့် အစီအစဉ် (GSP/ EBA Program) အောက်မှ ကုန်သွယ်မှုဆိုင်ရာ ကင်းလွတ် ခွင့်များ ရရှိလျက်ရှိသဖြင့် လူဇင်ဘတ် စီးပွားရေးလုပ်ငန်းများအနေဖြင့် မြန်မာနိုင်ငံတွင် အလုပ်သမားများအား အလုပ်အကိုင် ဖန်တီးပေးနိုင်မည့် GSP/ EBA အရ အကျုံးဝင်သည့် ကုန်ပစ္စည်းများ ထုတ်လုပ်သည့် ရင်းနှီးမြှုပ်နှံမှုများအား ဆောင်ရွက်နိုင်ပါကြောင်း ဖိတ်ခေါ် ရှင်းလင်းပြောကြားခဲ့ပါသည်။ သံအမတ်ကြီးများ၏ ရှင်းလင်းပြောကြားမှုအပြီးတွင် သက်ဆိုင်ရာ အာဆီယံသံရုံးအသီးသီးမှ ကိုယ်စားလှယ်များနှင့် အာဆီယံနိုင်ငံများတွင် စီးပွားရေး ဆောင်ရွက် ရန် စိတ်ပါဝင်စားသည့် လူဇင်ဘတ်စီးပွားရေးလုပ်ငန်းများမှ ကိုယ်စားလှယ်များအကြား သီးခြား တွေ့ဆုံမှု ပြုလုပ်ခဲ့ကြပြီး စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများအား ဆက်လက် ဆွေးနွေးခဲ့ကြပါသည်။

အခမ်းအနားသို့ လူဇင်ဘတ်နိုင်ငံ၏ အိမ်ရှေ့မင်းသား Prince Guillaume ကလည်း လူဇင်ဘတ် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌအဖြစ် တက်ရောက်ခဲ့ပါသည်။ ၎င်းနှင့်အတူ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေး ဝန်ကြီး Mr. Xavier Bettel၊ စီးပွားရေးနှင့် အသေးစား၊ အလတ်စားလုပ်ငန်းများ၊ စွမ်းအင်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီး Mr. Lex Delles တို့လည်း တက်ရောက်ခဲ့ပြီး အာဆီယံ သံအမတ်ကြီးများကို အလုပ်သဘော နေ့လယ်စာစားပွဲ တည်ခင်းကာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

*****************************************************