(၂၈-၈-၂၀၂၃ ရက်၊ မော်စကို)
မြန်မာသံရုံး၊ မော်စကိုမြို့မှ သံအမတ်ကြီးဦးလွင်ဦးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ စင်ကာပူသမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရန် မကြာမီကရောက်ရှိလာသည့် H.E. Mr. Mark Neo Ek Beng အား ၂၈-၈-၂၀၂၃ ရက်၊ ဒေသစံတော်ချိန် (၁၅:၀၀) နာရီတွင် မြန်မာသံရုံး၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ယင်းသို့တွေ့ဆုံရာတွင် ရုရှား-စင်ကာပူ နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ အာဆီယံရေးရာကိစ္စရပ်များနှင့် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်နေမှုများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
ထို့အပြင် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများ၊ မြန်မာနိုင်ငံအတွင်း NUG ၊ PDF အစရှိသည့် အကြမ်းဖက်အဖွဲ့အစည်းများက မငြိမ်မသက်ဖြစ်စေရန်၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်ပျက်စီးစေရန် အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်နေမှုများ၊ ယင်းအခြေအနေများအကြားတွင် ပြည်တွင်းတည်ငြိမ်အေးချမ်းမှုရှိစေရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်အစိုးရအနေဖြင့် ဆောင်ရွက်နေမှုများ၊ လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲကို အမြန်ဆုံး ကျင်းပနိုင်ရေးအတွက် အားထုတ်ကြိုးပမ်းဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍လည်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။


