မြန်မာ-လာအို-ထိုင်း ၃ နိုင်ငံ နယ်စပ်ဖြတ်ကျော်မီးခိုးမြူပြဿနာဖြေရှင်းရေး စကားဝိုင်းဆွေးနွေးပွဲသို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ်က ပါဝင်တက်ရောက်

(၅-၁၂၀၂၀၂၅ ရက်၊ ချင်းမိုင်)

 မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်းသည် ထိုင်း နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန တို့ပူးပေါင်းကာ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်ကြီးမှူး၍ “Dialogue with Stakeholders: Advancing Implementation of the Joint Plan of Action of the CLEAR Sky Strategy” ခေါင်းစဉ်ဖြင့် ၄-၁၂-၂၀၂၅ ရက်တွင် ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ The Riverside by Katathani Hotel ၌ ကျင်းပပြုလုပ်သည့် စကားဝိုင်းဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲအား အာဆီယံဒေသတွင်း၊ အထူးသဖြင့် မြန်မာ-လာအို-ထိုင်းနိုင်ငံ ပြည်သူများ၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးကိစ္စရပ်များ အပေါ် ဆိုးကျိုးပြင်းထန်စွာ သက်ရောက် နေသည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူပြဿနာအား ဖြေရှင်း နိုင်ရေး “Clear Sky Strategy” လုပ်ငန်း စီမံချက်နှင့် အာဆီယံမူဘောင်များအောက်တွင် မြန်မာ-လာအို-ထိုင်း ၃ နိုင်ငံ အနေဖြင့် မီးခိုးမြူ ပြဿနာတိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်ရန် ရည်ရွယ်ချက်ဖြင့် ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ခြင်း ဖြစ်ပါသည်။ 

 ဆွေးနွေးပွဲသို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံဌာန၊ ညွှန်ကြားရေးမှူးချုပ် Mr. Bolbongse Vangphaen ၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ အတွင်းရေးမှူး Mr. Sarun Charoensuwan၊ ထိုင်းနိုင်ငံ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ Ms. Preeyaporn Suwanaged၊ ချင်းရိုင်ခရိုင် အုပ်ချုပ်ရေးမှူး Mr. Choocheap Pongchai၊ ကောင်စစ်ဝန်ချုပ်နှင့်အတူ မြန်မာနိုင်ငံ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဆန်းဦး ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် လာအိုနိုင်ငံ၊ ဇီဝနည်းပညာနှင့် ဂေဟဗေဒသိပ္ပံမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mrs. Teuanchith Alounlasy ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့ကြပါသည်။

 ဆွေးနွေးပွဲအပြီးတွင် ကောင်စစ်ဝန်ချုပ်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံ ကိုယ်စားလှယ်အဖွဲ့နှင့်အတူ တော်ဝင်အသိုက်အဝန်း၏ကြီးကြပ်မှုဖြင့် ချင်းရိုင်ခရိုင်၊ ဒွိုင်ထွန်ဒေသရှိ ဒေသခံပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မယ့်ဖာလုံဖောင်ဒေရှင်းက အောင်မြင်စွာ ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေးနှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသို့ သွားရောက် လေ့လာကြည့်ရှုခဲ့ပါသည်။

*********************************