မြန်မာသံရုံး၊ မော်စကိုမြို့မှ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲ ကျင်းပ(၁၄-၃-၂၀၂၃ ရက်)

(၁၄-၃-၂၀၂၃ ရက်၊ မော်စကို)

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၊ မြန်မာသံရုံးမှ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ မတ်လ (၁၄) ရက်၊ ၁၈၀၀ နာရီမှ ၂၁၀၀ နာရီအထိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်အိမ်ရာများစီမံခန့်ခွဲမှုဌာနရှိ ယဉ်ကျေးမှုစင်တာ (UpDK Cultural Center) ၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ မြန်မာသံအမတ်ကြီး ဝဏ္ဏကျော်ထင်စည်သူ ဦးလွင်ဦးနှင့် မြန်မာသံရုံး ဝန်ထမ်းမိသားစုများ၊ စစ်သံမှူး ဗိုလ်မှူးချုပ်မိုးကျော်နှင့် စစ်သံရုံး ဝန်ထမ်းမိသားစုများ၊ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Andrey Rudenko ၊ ဥရောပ-အာရှစီးပွားရေးကော်မရှင် ဝန်ကြီး H.E. Mr. Sergey Glaziev ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဘက်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဌာနမှ Major General Aleksandr Lapin ၊ ရုရှား-အာဆီယံ စီးပွားရေးကောင်စီ ဥက္ကဋ္ဌ Mr. Ivan Polyakov၊ ကာလုကာအစိုးရအဖွဲ့ ဒုတိယအကြီးအကဲ Mr. Vladimir V. Potyomkin ၊ စိန့်ပီတာစဘတ် ပြည်ပဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ Mr. Evgeny D. Grigoriev နှင့် အဖွဲ့ဝင်များ၊ စိန့်ပီတာစဘတ် ဥပဒေပြုလွှတ်တော် ဒုတိယဥက္ကဋ္ဌ Mr. Bondarenko Nikolay Leonidvich ၊ မော်စကိုအစိုးရအဖွဲ့နှင့် မော်စကိုနိုင်ငံခြားစီးပွားရေးနှင့် နိုင်ငံတကာဆက်ဆံရေးဌာနမှ တာဝန်ရှိသူများ၊ မော်စကိုမြို့အခြေစိုက် သံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် သံတမန်များ၊ စစ်သံမှူးများ၊ ROSATOM၊ ROSCOMOS မှ တာဝန်ရှိသူများ၊ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr. Anatoly Bulochnikov နှင့် အဖွဲ့ဝင်များ၊ မော်စကိုမြို့တွင် ပညာသင်ကြားလျက်ရှိသည့် မြန်မာကျောင်းသား၊ ကျောင်းသူများ၊ တက္ကသိုလ်ဆရာ၊ဆရာမများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၃၅၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများ ဖွင့်လှစ်၍ နှစ်နိုင်ငံ အလံတို့ကို အလေးပြုခဲ့ကြပါသည်။ ထို့နောက် မြန်မာသံအမတ်ကြီးမှ မိန့်ခွန်းပြောကြားရာ၌ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း အကျဉ်းချုပ်၊ လွတ်လပ်ရေး၏ တန်ဖိုး၊ မြန်မာ-ရုရှား နှစ်နိုင်ငံဆက်ဆံရေး အခြေအနေ၊ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ဘက်ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှု အခြေအနေ၊ လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပရေးကိစ္စရပ်များနှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး တို့ကို ထည့်သွင်းပြောကြားခဲ့ပါသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၏ ဂုဏ်ပြုမိန့်ခွန်းတွင် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်တို့ကို ထည့်သွင်းပြောကြားခဲ့ပြီးနောက် ဂုဏ်ပြုကိတ်မုန့်လှီးကာ အဓိကဧည့်သည်တော်များက စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ပါသည်။

အခမ်းအနားတွင် ဧည့်သည်တော်များအား မြန်မာ-ရုရှား နှစ်နိုင်ငံ ဆက်ဆံရေး သမိုင်းကြောင်း ဓာတ်ပုံများ၊ မြန်မာ့ယဉ်ကျေးမှုအလှကို ဖော်ညွှန်းသည့် ဓာတ်ပုံများနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ဗီဒီယိုများ ပြသခဲ့ပြီး၊ မော်စကိုမြို့တွင် ပညာသင်ကြားလျက်ရှိသည့် မြန်မာကျောင်းသား၊ ကျောင်းသူများမှ မြန်မာ့ရိုးရာယဉ်ကျေးမှုအကများဖြင့် ကပြဖျော်ဖြေခဲ့ကြကာ ရုရှားရိုးရာအစားအစာများနှင့် မြန်မာ့ရိုးရာအစားအစာများဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။