မြန်မာသံရုံး၊ ကတ္တမန္ဒူးမြို့မှ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် (၆၅)နှစ်မြောက် မြန်မာ-နီပေါ သံတမန်ဆက်ဆံမှုထူထောင်ခြင်း အထိမ်းအမှတ်ဧည့်ခံပွဲကျင်းပ (၅-၂-၂၀၂၅ ရက်)

(၅-၂-၂၀၂၅ ရက်၊ ကတ္တမန္ဒူး)

 မြန်မာသံရုံး၊ ကတ္တမန္ဒူးမြို့မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် (၆၅)နှစ်မြောက် မြန်မာ-နီပေါ နှစ်နိုင်ငံ သံတမန်ဆက်ဆံမှုထူထောင်ခြင်း အထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက် ညနေပိုင်းတွင် ကတ္တမန္ဒူးမြို့၊ Hyatt Centric Soalteemode Hotel တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ 

 အဆိုပါအခမ်းအနားသို့ နီပေါနိုင်ငံ၊ ဒုတိယသမ္မတ Rt. Hon’ble Mr. Ramsahay Prasad Yadav က အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး နီပေါနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အခြားသောဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ကတ္တမန္ဒူးမြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ နီပေါ-မြန်မာ စက်မှုလက်မှု ကုန်သည်ကြီးများအပါအဝင် နီပေါစီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ နီပေါ-မြန်မာချစ်ကြည်ရေးအသင်း အပါအဝင် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ အခြားဖိတ်ကြားထားသောဧည့်သည်များ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။ 

 အစီအစဉ်အရ မြန်မာနှင့် နီပေါ နိုင်ငံတော်သီချင်းများဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဝဏ္ဏကျော်ထင် ဦးမျိုးမြင့်မောင်က အထိမ်းအမှတ်အမှာစကား ပြောကြားခဲ့ရာတွင် ယနေ့အခမ်းအနားသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် ကျရောက်ခဲ့သည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် မကြာမီကာလ မတ်လ ၁၉ ရက်တွင် ကျရောက်မည့် (၆၅)နှစ်မြောက် မြန်မာ-နီပေါ နှစ်နိုင်ငံသံတမန်ဆက်ဆံမှုထူထောင်ခြင်း အထိမ်းအမှတ် အခမ်းအနား(၂)ခုကို ပူးတွဲပြုလုပ်သည့် အရေးပါသော နေ့ထူးနေ့ရက်တစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရရှိအောင် တစ်စိုက်မတ်မတ် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခဲ့သူများကို ချီးကျူးဂုဏ်ယူမှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ မြန်မာနိုင်ငံ၏ သမိုင်းကြောင်းနှင့် ပထဝီအနေအထားတို့အရ လွတ်လပ်ရေးရရှိပြီးချိန်မှစ၍ အစိုးရအဆက်ဆက် သည် ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ်ကို နိုင်ငံခြားရေးမူဝါဒ၏ အခြေခံမူအဖြစ် တစ်စိုက်မတ်မတ်ကျင့်သုံးခဲ့ကြောင်း၊ လက်ရှိတွင်လည်း လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူနှင့်အညီ ဆက်လက်ကျင့်သုံးလျက်ရှိကြောင်း၊ မြန်မာ-နီပေါ နှစ်နိုင်ငံသည် ၁၉၆၀ ခုနှစ် တရားဝင်သံတမန်ဆက်ဆံရေး မထူထောင်မီကပင် သမိုင်းကြောင်းရှည်ကြာစွာ ရင်းနှီးချစ်ခင်စွာ အပြန်အလှန်ပေါင်းသင်းခဲ့သည့် ဆက်ဆံရေးမျိုးဖြစ်ပြီး ပြည်သူအချင်းချင်းကြားတွင်လည်း ဖော်ရွေခင်မင်သော အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုရှိကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။ 

 ယင်းနောက် လှပသာယာပြည်မြန်မာ မှတ်တမ်းဗီဒီယို ဖွင့်လှစ်ပြသခဲ့ပြီး ဒုတိယသမ္မတနှင့်အတူ အခမ်းအနား တက်ရောက်လာသည့် သံအမတ်ကြီးများ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း တို့ ဆောင်ရွက်ခဲ့ပါသည်။ ယင်းနောက် တက်ရောက်လာသည့် ဧည့်သည်တော်များအား မြန်မာ-နီပေါ စားဖွယ်စုံများဖြင့် ညစာတည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။ 

 ယခုကျင်းပသည့် အခမ်းအနားသည် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် (၆၅)နှစ်မြောက် မြန်မာ-နီပေါ သံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် အခမ်းအနားအဖြစ် ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာနှင့် နီပေါ နှစ်နိုင်ငံတို့သည် ၁၉၆၀ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့တွင် တရားဝင်သံတမန်ဆက်ဆံမှုထူထောင်ခြင်း မပြုမီကာလကပင် နှစ်နိုင်ငံအကြား သမိုင်းကြောင်း ရှည်ကြာသည့် အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုနှင့် ဘာသာရေးနှင့် ယဉ်ကျေးမှုကို အခြေခံသော ပေါင်းသင်းဆက်ဆံမှုတို့ ရှိခဲ့သည့် နိုင်ငံများဖြစ်ကြောင်း သိရှိရပါသည်။

************************************************************