(၂၁-၇-၂၀၂၂ ရက်/ နေပြည်တော်)
ဂမ်ဘီယာနိုင်ငံသည် မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) ၌ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ် (Convention on the Prevention and Punishment of the Crime of Genocide)ကို ကျူးလွန်ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆိုထားခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံက တင်သွင်းခဲ့သည့် ကနဦးကန့်ကွက်လွှာ (Preliminary Objections) အပေါ် တရားရုံးအမိန့်ဖတ်ကြားပွဲကို နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံးတွင်၂၀၂၂ ခုနှစ်၊ ဇူလိုင်လ၂၂ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပါသည်။
အဆိုပါတရားရုံးအမိန့်ဖတ်ကြားပွဲသို့ တက်ရောက်ရန် ကိုယ်စားလှယ် (Agent) ဖြစ်သည့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် အလှည့်ကျကိုယ်စားလှယ်(Alternate Agent) ဖြစ်သည့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ပူးတွဲခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့သို့ စတင်ထွက်ခွာခဲ့ရာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်း ဦးဆောင်သော တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လိုက်လံပို့ဆောင်ခဲ့ပါသည်။
ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အမ်စတာဒမ်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့၊ နံနက် ၀၆၃၅ နာရီတွင် ရောက်ရှိခဲ့ရာ မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ သံအမတ်ကြီး ဦးစိုးလင်းဟန်နှင့် သံရုံးဝန်ထမ်းများက လေဆိပ်တွင် လာရောက်ကြိုဆိုခဲ့ကြောင်း သတင်းရရှိပါသည်။


