မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ဖူးပွင့်ကိုကိုသည် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအစိုးရမှ တရားရေးရာဝန်ကြီး the Hon. Mr. Paul Lam အား ၃-၉-၂၀၂၆ ရက်၊ ၁၄:၃၀ နာရီတွင် ၎င်း၏ ရုံးခန်း၌ သွားရောက်ဂါရဝပြုတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာကောင်စစ်ဝန်ချုပ်က မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေ များကို ဦးစွာရှင်းလင်းပြောကြားခဲ့ပြီးနောက် ဟောင်ကောင်ဒေသ၌ ကျင်းပပြုလုပ်ခဲ့သည့် (၁၅) ကြိမ်မြောက် တရုတ်-အာဆီယံ ရှေ့နေချုပ်များညီလာခံသို့ မြန်မာနိုင်ငံမှ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့မှု၊ ဟောင်ကောင်ဒေသ၌ ရုံးစိုက်သည့် နိုင်ငံတကာစေ့စပ်ညှိနှိုင်းရေးအဖွဲ့ (International Organization for Mediation – IOMed)တွင် မြန်မာနိုင်ငံမှ ပါဝင်ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့်စပ်လျဉ်း၍လည်းကောင်း၊ ဟောင်ကောင်ဒေသတွင် ကျင်းပပြုလုပ်သည့် တရားရေးရာနှင့် ဥပဒေရေးရာကဏ္ဍဆိုင်ရာ သင်တန်းများ၊ ဆွေးနွေးပွဲများသို့ မြန်မာကိုယ်စားလှယ် အဖွဲ့များ ပိုမိုပါဝင်တက်ရောက်နိုင်ရေးတို့နှင့်စပ်လျဉ်း၍လည်းကောင်း နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
မြန်မာကောင်စစ်ဝန်ချုပ်ရုံး
ဟောင်ကောင်မြို့
ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်

