မကာအိုအထူးအုပ်ချုပ်ရေးဒေသမှ နေရပ်ပြန်လိုသော မြန်မာနိုင်ငံသားများအား ဆဋ္ဌမအကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ခဲ့ခြင်း

(၂၆-၁-၂၀၂၂ ရက်၊ ဟောင်ကောင်)

၁။ မကာအိုအထူးအုပ်ချုပ်ရေးဒေသသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြသည့် မြန်မာ နိုင်ငံသားများအနက် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ COVID-19 ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားနေစဉ်အတွင်း ဆက်လက်အလုပ်လုပ်ကိုင်ခွင့် မရရှိသဖြင့် စားဝတ်နေရေးအခက်အခဲနှင့် ကြုံတွေ့နေရသူများ၊ အလုပ်အကိုင်သက်တမ်းထပ်မံတိုးမြှင့်ခွင့် မရရှိပါသဖြင့် မြန်မာနိုင်ငံသို့ မဖြစ်မနေ ထွက်ခွာရမည့် သူများ၊ ကျန်းမာရေး မကောင်းမွန်သူများနှင့် ကိုယ်ဝန်ဆောင်သည်များ နေရပ်သို့ ပြန်လည်ထွက်ခွာ နိုင်ရေးအတွက် ဟောင်ကောင်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ ခွင့်ပြုလမ်းညွှန်ချက်ဖြင့် မြန်မာ အမျိုးသားလေကြောင်း (Myanmar National Airlines-MNA) ဖြင့် ဆဋ္ဌမအကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။

၂။ ၂၅-၁-၂၀၂၂ ရက် (အင်္ဂါနေ့) ည ၂၂း၃၀ နာရီတွင် မကာအိုအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ တိုက်ရိုက်ပျံသန်းသည့် မြန်မာအမျိုးသားလေကြောင်း (MNA) လေကြောင်းပျံသန်း အမှတ် UB 8036 ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသား (၁၂၂)ဦးသည် မြန်မာနိုင်ငံသို့ ချောမောစွာ ပြန်လည်ထွက်ခွာသွားပါကြောင်းနှင့် ၂၆-၁-၂၀၂၂ ရက်နေ့၊ ည ၀၀:၂၀ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။ ပြည်တွင်း၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကို ကာကွယ်၊ တားဆီးနိုင်ရန် ရည်ရွယ်၍ ခရီးသည်များအနေဖြင့် ခရီးစဉ်မတိုင်မီ (၄၈) နာရီအတွင်း COVID-19 ရောဂါစစ်ဆေးမှုများကို ပြုလုပ်ခဲ့ပါကြောင်း ဖော်ပြအပ်ပါသည်။

၃။ မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် ဟောင်ကောင်နှင့် မကာအိုဒေသတို့မှ နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအတွက် စုစုပေါင်း (၇) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်အဖြစ် လည်းကောင်း၊ ထိုင်ဝမ်(တရုတ်-တိုင်ပေ)ဒေသမှ နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအတွက် (၁၇)ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်အဖြစ်လည်းကောင်း စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး မြန်မာနိုင်ငံသား စုစုပေါင်း (၂၄၃၂)ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။