ပေကျင်းမြို့ အာဆီယံကော်မတီ အစည်းအဝေးနှင့် အလှည့်ကျ ဥက္ကဋ္ဌတာဝန် လွှဲပြောင်းပေးအပ်သည့် အခမ်းအနားသို့ မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက်(၇-၇-၂၀၂၃၂ ရက်)

(၇-၇-၂၀၂၃ ရက်၊ ပေကျင်း)
 
တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေ သည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၇ ရက်တွင် ပေကျင်းမြို့၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသံရုံးက ကြီးမှူးကျင်းပသည့် အာဆီယံကော်မတီ၊ ပေကျင်းမြို့ (ASEAN Committee in Beijing – ACB) သံရုံးအကြီးအကဲများ၏ ၂၀၂၃ ခုနှစ်အတွက် ဒုတိယကြိမ်မြောက် အစည်းအဝေးနှင့် ကော်မတီ၏ အလှည့်ကျ တာဝန် လွှဲပြောင်းသည့် အခမ်းအနားသို့ ပေကျင်းမြို့အခြေစိုက် အာဆီယံနိုင်ငံသံရုံးများမှ သံအမတ်ကြီး များနှင့်အတူ တက်ရောက်ခဲ့ပါသည်။
 
အစည်းအဝေးတွင် အာဆီယံသံအမတ်ကြီးများက တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ၊  လာအိုသံအမတ်ကြီး၏ အလှည့်ကျဥက္ကဋ္ဌ သက်တမ်းကာလအတွင်း အာဆီယံကော်မတီ၏ လုပ်ငန်းအစီအစဉ်များ အောင်မြင်စွာ အကောင်ထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည့် ကိစ္စရပ်များအပေါ် ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြပြီး၊ လာအိုသံအမတ်ကြီး H.E. Mrs. Khamphao ERNTHAVANH မှ မလေးရှားနိုင်ငံ၊ သံရုံးယာယီတာဝန်ခံ Mr. Sanmugan Subramaniam ထံသို့ ကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်အား တရားဝင်လွှဲပြောင်း ပေးအပ်ခဲ့ပါသည်။
 
ထို့နောက် အလုပ်သဘောနေ့လယ်စာစားပွဲတွင် တရုတ်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဌာန အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် ၊တရုတ်နိုင်ငံ ပိုးလမ်းမကြီး တည်ဆောက်ရေး ဦးစီးအဖွဲ့ရုံး၏ ပြည်ပရေးရာ ညှိနှိုင်းမြှင့်တင်ရေးအဖွဲ့၊ အကြီးအကဲ ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စတာဖန်ကျန်း မှ တက်ရောက်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။