(၃၀-၉-၂၀၂၂ ရက်၊ အစ္စလာမာဘတ်)
ပါကစ္စတန်နိုင်ငံ၊ အစ္စလာမာဘတ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ICCI) သည် အာဆီယံနိုင်ငံများနှင့် ကုန်သွယ်မှု၊ ကုန်ပစ္စည်းတင်ပို့ခြင်း၊ စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ ရှာဖွေရာတွင် စီးပွားရေးအသိုက်အဝန်းအတွက် အထောက်အကူ ရရှိစေရန် အာဆီယံကုန်သွယ်မှု အထောက်အကူပြုရုံး ဖွင့်လှစ်သည့် အခမ်းအနားကို အစ္စလာမာဘတ်မြို့ရှိ ICCI ရုံးချုပ်၌ ၃၀-၉-၂၀၂၂ ရက်၊ နံနက် ၁၁:၀၀ နာရီတွင်ကျင်းပခဲ့ပါသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ပါကစ္စတန်နိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီးနှင့် အစ္စလာမာဘတ်မြို့ အာဆီယံကော်မတီဥက္ကဋ္ဌ ဖြစ်သူ H.E. Nguyen Tien Phong သည် အထူးဧည့်သည်တော်အဖြစ် လည်းကောင်း၊ မြန်မာသံအမတ်ကြီး ဦးဝင်းမြင့်၊ အင်ဒိုနီးရှားသံအမတ်ကြီး H.E. Adam M. Tugio ၊ ထိုင်းသံအမတ်ကြီး H.E. Chakkrid Krachaiwong ၊ မလေးရှားနိုင်ငံသံရုံးနှင့် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ သံရုံးတို့မှ သံရုံးဒုတိယအကြီးအကဲ များနှင့် ICCI မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ပါကစ္စတန်နိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီးနှင့် အစ္စလာမာဘတ်မြို့ရှိ အာဆီယံ ကော်မတီ ဥက္ကဋ္ဌ H.E. Nguyen Tien Phong က ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး၊ အင်ဒိုနီးရှားနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ သံအမတ်ကြီးများနှင့် မလေးရှားနိုင်ငံနှင့် ဘရူနိုင်းဒါရူဆလမ်နိုင်ငံသံရုံးတို့မှ တာဝန်ရှိသူများ ကလည်း အာဆီယံသည် စီးပွားရေးဆက်ဆံရေးအတွက် အလွန်အလားအလာ ကောင်းသော ဒေသဖြစ်ကြောင်းနှင့် ယင်းအခွင့်အလမ်းများကို ပါကစ္စတန်စီးပွားရေးအသိုက်အဝန်းက အသုံးချသင့်ပါကြောင်း တိုက်တွန်း ပြောကြားခဲ့ကြပါသည်။ ထို့နောက် ICCI ဥက္ကဋ္ဌ Muhammad Shakeel Munir က အာဆီယံကုန်သွယ်မှု အထောက်အကူပြုရုံး ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် ICCI မှ တာဝန်ရှိသူများ က ပါကစ္စတန်နိုင်ငံနှင့် အာဆီယံနိုင်ငံများအားလုံးအကြား တိုက်ရိုက်လေကြောင်းခရီးစဉ်များ ပြေးဆွဲရန် လိုအပ်မှုကို အလေးပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။






