နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်တွင် ကောင်စစ်ဆိုင်ရာဝန်ဆောင်မှုများ တိုးမြှင့်ဆောင်ရွက်မှုမှတစ်ဆင့် နိုင်ငံ့ပုံရိပ် မြှင့်တင်ခြင်းဆိုင်ရာဆွေးနွေးပွဲ ကျင်းပ

(၁၈-၉-၂၀၂၆၊ နေပြည်တော်)

ကောင်စစ်ဆိုင်ရာဝန်ဆောင်မှုများ တိုးမြှင့်ဆောင်ရွက်မှုမှတစ်ဆင့် နိုင်ငံ့ပုံရိပ်မြှင့်တင်ခြင်းဆိုင်ရာဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လောကနတ်ခန်းမတွင် ကျင်းပခဲ့ပါသည်။

အဆိုပါ ဆွေးနွေးပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊ အမြဲတမ်းအတွင်းဝန်နှင့် ဖိတ်ကြားထားသည့် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ သာသနာရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုနှင့် ဟိုတယ်၊ ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာရှိကြီးများ၊ ကွာလာလမ်ပူမြို့နှင့် ဗန်ကောက်မြို့ရှိ မြန်မာသံရုံးများမှ သံအမတ်ကြီးများနှင့် အငြိမ်းစားသံအမတ်ကြီးတို့ ပါဝင်တက်ရောက်ခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနား၌ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်က အမှာစကားပြောကြားရာတွင် ကောင်စစ်ရေးရာလုပ်ငန်း၌ နိုင်ငံတကာဥပဒေ၊ လက်ခံသည့်နိုင်ငံ၏ ဥပဒေများနှင့်အညီ မိမိနိုင်ငံနှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် နိုင်ငံသားများကို လိုအပ်သကဲ့သို့ အကူအညီပေးခြင်းတို့သည် ကောင်စစ်ရေးရာလုပ်ငန်း၏ အရေးပါသည့် အစိတ်အပိုင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ကောင်စစ်ရေးရာတာဝန်များကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျဆောင်ရွက်ရေး၊ အချိန်အကန့်အသတ်အတွင်း ဖော်ဆောင်ရမည့်ကိစ္စရပ်များတွင် အချင်းချင်း လျင်မြန်စွာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မိမိတို့၏ အခန်းကဏ္ဍများကို အပြန်အလှန်နားလည်ပြီး အချင်းချင်း ပံ့ပိုးကူညီရေးတို့ကို အလေးထားဆောင်ရွက်စေလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။

တက်ရောက်လာသည့် ကိုယ်စားလှယ်များက ပြည်ပနိုင်ငံများရှိ ဒုက္ခရောက်နေသော မြန်မာနိုင်ငံသားများအား စိစစ်၍ ခေါ်ယူခြင်း/ ကယ်ဆယ်ခြင်း၊ နိုင်ငံကူးလက်မှတ်များထုတ်ပေးခြင်း၊ မြန်မာအလုပ်သမားအကျိုးဆောင်ရွက်ပေးခြင်း၊ နိုတြီထောက်ခံချက်ပေးခြင်းစသည့် နိုင်ငံသား အကျိုးကိစ္စရပ်များအပြင် သာသနာရေးနှင့် ယဉ်ကျေးမှုကဏ္ဍတွင် ပြည်ပနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးခဲ့ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ယနေ့ ဆွေးနွေးပွဲတွင် ဆွေးနွေးသူများအနေဖြင့် သဘောတရားများကိုသာ ဆွေးနွေးခဲ့ခြင်း မဟုတ်ဘဲ မတူညီသောနိုင်ငံများ၌ ကြုံတွေ့ခဲ့ရသည့် မတူညီသော လက်တွေ့လုပ်ငန်း အတွေ့အကြုံများကိုလည်း မျှဝေခဲ့ကြပါကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် ဆွေးနွေးဖလှယ်ခဲ့ကြသော အတွေ့အကြုံများနှင့် အကြံပြုချက်များကို မိမိတို့၏ သက်ဆိုင်ရာ လုပ်ငန်းခွင်များ၌ပါ ဆက်လက်အသုံးချစေရေး အတွက်ကိုလည်း တိုက်တွန်းလိုပါကြောင်း ပြောကြားကာ ဆွေးနွေးပွဲကို ပိတ်သိမ်းခဲ့ပါသည်။