နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေး(၁၆-၁၂-၂၀၂၂ ရက်)

(၁၆-၁၂-၂၀၂၂ ရက်၊ ရန်ကုန်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့ဝင်တို့၏ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနား ကို နိုင်ငံခြားရေးဝန်ကြီးဌာန(ရန်ကုန်)၊ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေး အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ၁၆-၁၂-၂၀၂၂ ရက် (သောကြာနေ့)၊ (၁၁၀၀) နာရီတွင် ကျင်းပခဲ့ရာ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံ၏ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးနှင့် အမျိုးသားအကျိုးစီးပွားအတွက် ပြောင်းလဲဖြစ်ပေါ်လျက်ရှိသော ကမ္ဘာ့အခြေအနေနှင့် ဒေသတွင်းအခြေအနေများကို မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာ‌ရေးအဖွဲ့အနေဖြင့် အသိပညာရှင်ရှုထောင့်မှ လေ့လာသုံးသပ်၍ မြန်မာနိုင်ငံအပေါ် သက်ရောက်မှု အခြေအနေများကို သုတေသနပြု တင်ပြနိုင်ရေးနှင့် နိုင်ငံတကာမှ အသိပညာရှင် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး လမ်းကြောင်းသစ်များ တိုးချဲ့ဆောင်ရွက်နိုင်ရေး တို့နှင့် ပတ်သက်၍ အကြံပြုမှာကြားခဲ့ပါသည်။

မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့ဝင်များက အဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး တင်ပြခဲ့ကြပါသည်။

ထို့နောက် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့ဝင်များသည် အတူတကွ နေ့လယ်စာ သုံးဆောင်၍ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရှိရပါသည်။