နယ်နိမိတ်ဖြတ်ကျော် မီးခိုးငွေ့ညစ်ညမ်းမှုဆိုင်ရာ ပြဿနာ ဖြေရှင်းရေးနည်းလမ်းများ အစည်းအဝေးသို့ မြန်မာကောင်စစ်ဝန်ချုပ် လေ့လာသူအဖြစ်တက်ရောက် (၂၆-၃-၂၀၂၄ ရက်)

(၂၆-၃-၂၀၂၄ ရက်၊ ချင်းမိုင်) 

ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်သည့် အိမ်နီးချင်းနိုင်ငံများအကြား “နယ်နိမိတ်ဖြတ်ကျော် မီးခိုးငွေ့ညစ်ညမ်းမှုဆိုင်ရာ ပြဿနာဖြေရှင်းရေး နည်းလမ်းများ” နှင့်ပတ်သက်သည့် ပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ Centara Riverside Hotel Chiang Mai ၌ ၂၆-၃-၂၀၂၄ ရက်နေ့တွင် ကျင်းပခဲ့ရာ မြန်မာ့တပ်မတော်မှ တွဲဖက်စစ်ဥပဒေချုပ် ဗိုလ်ချုပ် အောင်ခင်သိန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ခွန်နေထွန်းဦးတို့နှင့်အတူ ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်းသည် လေ့လာသူအဖြစ် ပါဝင်တက်ရောက်ခဲ့ပါသည်။ 

အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး Lt. Gen NUTTAPONG PRAOKEAW က ဦးဆောင်ကျင်းပခဲ့ပြီး အစည်းအဝေး၌ လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပွားလာနိုင်သည့် ကျန်းမာရေး ပြဿနာများ၊ လေထုညစ်ညမ်းမှု ဖြစ်စေသည့် အကြောင်းအရင်းများ၊ လေထုညစ်ညမ်းမှု လျော့ချရေးအတွက် ထိုင်းနိုင်ငံအနေဖြင့် အမျိုးသားအဆင့် စီမံချက်ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်နေမှု များ၊ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်း၍ လေထုညစ်ညမ်းမှု လျော့ချရေး ဆောင်ရွက်မည့် အစီအစဉ်များ၊ ထိုင်း-မြန်မာ-လာအို (၃)နိုင်ငံအကြားတွင် နယ်စပ် ဖြတ်ကျော် မီးခိုးမြူပြဿနာကို ဖြေရှင်းနိုင်ရေးအတွက် တောင်ယာမီးရှို့မှုများကို ကာကွယ်ရန်နှင့် ထိန်းချုပ်ရန် စီမံချက်တစ်ခု အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် အခြေအနေတို့ကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။