နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ဦးကျော်စိုးသိန်း ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နိုင်ငံခြားရေးရုံး၊ ညွှန်ကြားရေးမှူးအား မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများကို ရှင်းလင်းပြောကြား (၂၆-၉-၂၀၂၃ ရက်)

(၂၆-၉-၂၀၂၃ ရက်၊ နန်နင်း)

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ နန်နင်းမြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်စိုးသိန်းသည် ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နိုင်ငံခြားရေးရုံးမှ ညွှန်ကြားရေးမှူး Ms. Lian Yin အား ၂၆-၉-၂၀၂၃ ရက်၊ (၁၆၁၅) နာရီတွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ဧည့်ခန်းမ၌လက်ခံတွေ့ဆုံ၍ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ထိုသိုတွေ့ဆုံစဉ် ကောင်စစ်ဝန်ချုပ်က မြန်မာအစိုးရ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့်အညီ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေးအပါအဝင် ဒီမိုကရေစီဖော်ဆောင်ရေးတို့တွင် ဖြစ်ပေါ် တိုးတက်မှုအခြေအနေများ၊ တရုတ်နိုင်ငံကရိုက်ကူးသည့် No More Bets အမည်ရှိ ရုပ်ရှင်ဇာတ်ကားကို ပြီးခဲ့သည့်လများအတွင်း တရုတ်နိုင်ငံတွင်းနှင့် ကမ္ဘာတစ်ဝန်း ရုံတင်ပြသခဲ့ရာ မြန်မာနိုင်ငံ၏ပုံရိပ်ကို ညှိုးနွမ်းထိခိုက်စေခဲ့ခြင်းနှင့်ပတ်သက်၍ အွန်လိုင်းရာဇဝတ်မှုများတိုက်ဖျက်ရေး၌ မြန်မာအစိုးရအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးခဲ့သည့်အပြင် မြန်မာနိုင်ငံ၊ ပညာရေးဝန်ကြီးဌာနနှင့် ကွမ်ရှီးဒေသ၊ ပညာရေးဦးစီးဌာနတို့အကြား ပညာရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရေးကိစ္စရပ်ကို ဆွေးနွေးပြောကြားခဲ့ပါသည်။

Ms. Lian Yin က မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ဆွေးနွေးပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ရုပ်ရှင်ဇာတ်ကားနှင့်ပတ်သက်၍လည်း အများပြည်သူများအနေဖြင့် အစိုးရများ၏ ရာဇဝတ်မှုတိုက်ဖျက်ရေးနှင့် ပတ်သက်သည့် တရားဝင်ထုတ်ပြန်ချက်များ၊ သတင်းများကိုသာ ယုံကြည်သင့်ပါကြောင်း၊ နိုင်ငံများ၏ အစိုးရများအကြား ပူးပေါင်းဆောင်ရွက်မှုများ၏ အောင်မြင်မှုများကိုကြည့်ခြင်းဖြင့် အစိုးရများ၏ သဘောထားများကို တွေ့မြင်နိုင်မည်ဖြစ်ပါကြောင်း၊ ကွမ်ရှီးဒေသအစိုးရကလည်း မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများနှင့် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို အလေးထားပါကြောင်းနှင့် ပညာရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေးကိုလည်း ကွမ်ရှီးဒေသ၊ ပညာရေးဦးစီးဌာနနှင့်ပူးပေါင်းကာ ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်းဖြင့် ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။