ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက (၁၀) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာယောဂနေ့အထိမ်းအမှတ် ယောဂသရုပ်ပြလေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက် (၁၇-၆-၂၀၂၄ ရက်)

(၁၇-၆-၂၀၂၄ ရက်၊ နေပြည်တော်)

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၇ ရက်၊ ၀၆:၃၀ နာရီတွင် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော် တောင်ဘက်မုခ်အနီးရှိခန်းမတွင် ကျင်းပသည့် (၁၀) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့အထိမ်းအမှတ် ယောဂသရုပ်ပြလေ့ကျင့်ခြင်းအစီအစဉ်သို့ ပါဝင်တက်ရောက်ခဲ့သည်။

ထိုအစီအစဉ်သို့ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် ဝန်ကြီးဌာနအသီးသီးမှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ အဘ်ဟေးတာကူးရ်နှင့် အိန္ဒိယသံရုံးမှ တာဝန်ရှိသူများနှင့် အခြားသော ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် အိန္ဒိယသံအမတ်ကြီးတို့နှင့်အတူ ဥပ္ပါတသန္တိစေတီတော်ပရဝုဏ်ရှိ မာလိနီရေကန်တော်ဥယျာဉ်တွင် (၁၀) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာယောဂနေ့အထိမ်းအမှတ်အဖြစ် ကံ့ကော်ပင်အား အမှတ်တရ စုပေါင်းဂုဏ်ပြုစိုက်ပျိုးခဲ့ကြကြောင်း သိရှိရပါသည်။