ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင် မြန်မာဘောလုံးအသင်းအား မြန်မာကောင်စစ်ဝန်ချုပ်က လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်

(၄-၁၂-၂၀၂၅ ရက်၊ ချင်းမိုင်)

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ကျင်းပပြုလုပ်သည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (ဂ) ဘောလုံးပွဲစဉ်များအဖြစ် ဖိလစ်ပိုင် အမျိုးသားလက်ရွေးစင်ဘောလုံးအသင်း(ယူ-၂၂)နှင့် ဒီဇင်ဘာလ ၅ ရက်တွင်လည်းကောင်း၊ အင်ဒိုနီးရှား အမျိုးသားလက်ရွေးစင်ဘောလုံးအသင်း(ယူ-၂၂)နှင့် ဒီဇင်ဘာလ ၁၂ ရက်တွင် လည်းကောင်း ယှဉ်ပြိုင်ကစားရန် ရောက်ရှိလာသည့် အသင်းအုပ်ချုပ်သူ ဦးစိုးမြတ်မင်း ဦးဆောင် သော မြန်မာ့အမျိုးသားလက်ရွေးစင် ဘောလုံးအသင်း(ယူ-၂၂)အား ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်းနှင့်အတူ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးမှ ရုံးအဖွဲ့ဝင်များ၊ ချင်းမိုင်မြို့ CI စခန်း၌ တာဝန်ထမ်းဆောင်နေသော ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများနှင့် CI စခန်းဖွင့်လှစ်ထားသော KMK ကုမ္ပဏီမှ တာဝန်ခံနှင့် အဆိုပါစခန်းမှ ဝန်ထမ်းများအပါအဝင် ချင်းမိုင်မြို့တွင် နေထိုင်အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများက ၃-၁၂-၂၀၂၅ ရက်၊ (၁၂၃၀) နာရီအချိန်တွင် မြန်မာဘောလုံးအသင်း တည်းခို နေထိုင်မည့် Chiang Mai Hill Hotel ၌ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုနှုတ်ဆက်ခဲ့ပါသည်။

ကောင်စစ်ဝန်ချုပ်က မြန်မာဘောလုံးအသင်းအုပ်ချုပ်သူ ဦးစိုးမြတ်မင်းနှင့်တာဝန်ရှိသူများ အား မြန်မာဘောလုံးအသင်း၏ နေထိုင်စားသောက်ရေးကိစ္စအပါအဝင် အုပ်ချုပ်မှုကိစ္စရပ်များ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သောကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေး နိုင်မည့်အခြေအနေများကို နွေးထွေးခင်မင်စွာဖြင့် မေးမြန်းဆွေးနွေးခဲ့ပါသည်။  

မြန်မာဘောလုံးအသင်း၏ ပွဲစဉ်များကို ချင်းမိုင်မြို့ရှိ ချင်းမိုင်မြို့တည် နှစ် (၇၀၀) ပြည့် အထိမ်းအမှတ် အားကစားကွင်းတွင် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။