ထိုင်ဝမ်(တရုတ်-တိုင်ပေ) မှ နေရပ်ပြန်လိုသော မြန်မာနိုင်ငံသားများနှင့် သင်္ဘောသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ရန် (၁၅) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် စီစဉ်ဆောင်ရွက်ပေး

(၂၄-၉-၂၀၂၁ ရက်၊ ထိုင်ဝမ်)

ထိုင်ဝမ် (တရုတ်-တိုင်ပေ) ၌ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုသည့် စာချုပ်သက်တမ်း ကျော်လွန်နေသည့် မြန်မာသင်္ဘောသားများ၊ အလုပ်အကိုင် ဆက်လက်လုပ်ကိုင်ခွင့် မရရှိသူများ၊ ပညာသင်ကာလပြီးဆုံးသော ကျောင်းသားများ နှင့် မိသားစုများထံ အလည်အပတ် လာရောက်သူများသည် Covid-19 ကူးစက်ရောဂါကာလ အတွင်း လေကြောင်းသွားလာမှုများ ရပ်ဆိုင်းလိုက်ခြင်းကြောင့် သောင်တင်နေကြရာ နေရပ်သို့ ပြန်လည်ထွက်ခွာနိုင်ရေးအတွက် (၁၅) ကြိမ်မြောက် တိုင်ပေ-ရန်ကုန် ကယ်ဆယ်ရေးလေယာဉ် ခရီးစဉ်ကို Coronavirus Disease 2019 (Covid-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ဟောင်ကောင်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် သက်ဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ယနေ့ ၂၄-၉-၂၀၂၁ ရက် (သောကြာနေ့) မွန်းလွဲပိုင်း (၁၅:၄၅) နာရီချိန်တွင် တိုင်ပေမြို့မှ ရန်ကုန်မြို့သို့ ပျံသန်းသည့် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (Myanmar Airways International-MAI) လေကြောင်းပျံသန်းအမှတ် 8M 1201 ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာ သင်္ဘောသား (၁၃) ဦး၊ အလုပ်အကိုင် ဆက်လက်အလုပ်လုပ်ကိုင်ခွင့် မရရှိသူများ၊ ပညာသင် ကာလပြီးဆုံးသော ကျောင်းသားများနှင့် မိသားစုများထံ အလည်အပတ်ရောက်ရှိပြီး သောင်တင် နေသူ (၄၀) ဦး စုစုပေါင်း မြန်မာနိုင်ငံသား (၅၃) ဦးသည် ရန်ကုန်မြို့သို့ ချောမောစွာ ပြန်လည် ထွက်ခွာသွားခဲ့ပါသည်။ ပြည်တွင်း၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ကာကွယ်၊ တားဆီးနိုင်ရန် ရည်ရွယ်၍ ခရီးသည်များအနေဖြင့် ခရီးစဉ်မတိုင်မီ (၇၂) နာရီအတွင်း Covid-19 ရောဂါစစ်ဆေးမှုများကို ပြုလုပ်ခဲ့ပါသည်။

မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် ဟောင်ကောင်နှင့် မကာအိုဒေသတို့မှ နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအတွက် စုစုပေါင်း (၅) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်အဖြစ် လည်းကောင်း၊ ထိုင်ဝမ် (တရုတ်-တိုင်ပေ) ဒေသမှ မြန်မာနိုင်ငံသားများအား (၁၅) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်အဖြစ်လည်းကောင်း စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး မြန်မာနိုင်ငံသား စုစုပေါင်း (၁,၉၄၉) ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးဖြစ်ပါကြောင်း သိရှိရပါသည်။