တိုကျိုမြို့အခြေစိုက် Asia-Pacific Ladies Friendship Society (ALFS) အသင်းကြီး၏ Cheque Sharing Ceremony သို့ မြန်မာသံရုံးမှ ပါဝင်တက်ရောက်(၂၃-၆-၂၀၂၃ ရက်)

(၂၃-၆-၂၀၂၃ ရက်၊ တိုကျို)
 
ဂျပန်နိုင်ငံ၊ တိုကျိုမြို့ အခြေစိုက် အာရှ-ပစိဖိတ်နိုင်ငံများ၏ သံရုံးပေါင်း (၂၆) ရုံးမှ အမျိုးသမီး သံအမတ်ကြီးများ၊ သံအမတ်ကြီးများ၏ ဇနီးများနှင့် ဂျပန်အမျိုးသမီးများ ပါဝင်ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည့် Asia-Pacific Ladies Friendship Society (ALFS) အသင်းကြီးသည် နှစ်စဉ် စျေးရောင်းပွဲတော် ကျင်းပပြီး၊ အဖွဲ့ဝင်နိုင်ငံ သံရုံးများမှ ပါဝင်ရောင်းချ၍ ရရှိသော အမြတ်ငွေများကို သက်ဆိုင်ရာ နိုင်ငံများရှိ လိုအပ်သော နေရာဒေသများတွင် လှူဒါန်းမှု၊ ကူညီ ထောက်ပံ့မှုများ ပြုလုပ်ခြင်း၊ အဖွဲ့ဝင်နိုင်ငံများတွင် သဘာဝဘေးအန္တရာယ် ကျရောက်ပါက ထောက်ပံ့လှူဒါန်းခြင်းတို့ကို  ဆောင်ရွက်လျက်ရှိပါသည်။
 
ALFS အသင်းကြီး၏ ၂၀၂၃ ခုနှစ်အတွက် ဈေးရောင်းပွဲတော်ကို (၁၁-၅-၂၀၂၃) ရက်က Meiji Kinenkan ခန်းမကြီးတွင် ပြုလုပ်ခဲ့ရာ တိုကျိုမြို့၊ မြန်မာသံရုံး အပါအဝင် အာရှ-ပစိဖိတ် နိုင်ငံများမှ သံရုံးပေါင်း (၂၀) ရုံးနှင့် ဂျပန်နိုင်ငံဘက်မှ စီးပွားရေးကုမ္ပဏီများနှင့် အသင်းအဖွဲ့များမှ ပါဝင်ဆင်နွှဲခဲ့ပါသည်။ အဆိုပါဈေးရောင်းပွဲတော်အတွင်း ရရှိခဲ့သည့် အမြတ်ငွေများကို အဖွဲ့ဝင် သံရုံးများသို့ ပြန်လည်ခွဲဝေပေးအပ်ခြင်းအခမ်းအနား (Cheque Sharing Ceremony) ကို (၁၅-၆-၂၀၂၃) ရက်က အောက်လွှတ်တော်အမတ်များ ရုံးခန်း၏ Multipurpose Hall တွင် ပြုလုပ်ခဲ့ရာ မြန်မာသံရုံး၊ တိုကျိုမြို့အတွက် အချိုးကျ အမြတ်ငွေ ယန်း (၆၂၁,၀၀၀) တန်ဖိုးရှိ ချက်လက်မှတ်ကို  ဥက္ကဋ္ဌ Madame Haruko Komura က ပေးအပ်ခဲ့ရာ သံအမတ်ကြီး၏ ဇနီး ဒေါ်လဲ့လဲ့ဝါ မှ လက်ခံရယူခဲ့ပါသည်။ 
 
မြန်မာသံရုံး၊ တိုကျိုမြို့အတွက် အဆိုပါ အချိုးကျအမြတ်ငွေများကို  ဆိုင်ကလုန်းမုန်တိုင်း“မိုခါ”ကြောင့် သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့ရသည့် ဒေသများရှိ မြန်မာပြည်သူများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အသုံးပြုသွားနိုင်ရန် နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။