(၂၈-၉-၂၀၂၃ ရက်၊ ပေကျင်း)
မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတမစ္စတာရှီကျင့်ဖျင်မှ ပေကျင်းမြို့၊ ပြည်သူ့ခန်းမဆောင်၌ ၂၈-၉-၂၀၂၃ ရက်၊ ညနေပိုင်းက တည်ခင်းဧည့်ခံခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခဲ့သည့် (၇၄) နှစ်မြောက် အထိမ်းအမှတ်ညစာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ အထိမ်းအမှတ်ညစာစားပွဲ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတမစ္စတာရှီကျင့်ဖျင်က မိန့်ခွန်းပြောကြားခဲ့ပါသည်။
ထို့အပြင် သံအမတ်ကြီး ဦးတင်မောင်ဆွေသည် ယင်းနေ့နံနက်ပိုင်းတွင် ပေကျင်းမြို့၊ ပြည်သူ့ ခန်းမဆောင်၌ ကျင်းပခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ် မစ္စတာလီချင်းနှင့် တွေ့ဆုံနှုတ်ဆက်ပွဲသို့ တက်ရောက်ခဲ့ပြီး၊ သံအမတ်ကြီးက မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ချစ်ကြည်ရင်းနှီးသည့် အိမ်နီးချင်းကောင်းမိတ်ဆွေနိုင်ငံများ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား အပြန်အလှန်ထောက်ခံမှုများရှိကြပြီး နှစ်နိုင်ငံအကျိုးစီးပွားအတွက် နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ပါသည်။ ဝန်ကြီးချုပ်မှလည်း မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံအကြား နှစ်နိုင်ငံ အကျိုးစီးပွားအတွက် နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။

