တရုတ်ပြည့်သူ့သမ္မတနိုင်ငံအစိုးရက မြန်မာနိုင်ငံရှိ မြန်မာ-တရုတ်နယ်စပ်မြို့(၅)မြို့သို့ Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး(၁)သန်းအား ပေးအပ်လှူဒါန်း

(၁၁-၁-၂၀၂၂ ရက်၊ ကူမင်း)

တရုတ်ပြည့်သူ့သမ္မတနိုင်ငံအစိုးရက မြန်မာနိုင်ငံရှိ မြန်မာ-တရုတ်နယ်စပ်မြို့ (၅)မြို့သို့ Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး(၁)သန်း လွှဲပြောင်းပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ယူနန်ပြည်နယ် ရောဂါကာကွယ်ရေး၊ ထိန်းချုပ်ရေးစင်တာ၌ ၁၁-၁-၂၀၂၂ ရက်နေ့ (၀၉၃၀)နာရီ အချိန်တွင် ကျင်းပခဲ့ပါသည်။

လှူဒါန်းပွဲအခမ်းအနားတွင် ကူမင်းမြို့အခြေစိုက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အထူးကော်မရှင်နာရုံးမှ ဒုတိယကော်မရှင်နာ Mr. Xiao Fenghuai က လှူဒါန်းရခြင်း အကြောင်းရင်းကို ရှင်းလင်းပြောကြားခဲ့ပြီး၊ ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်က ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။

ထို့နောက် ယူနန်ပြည်နယ် စီးပွားရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Hao Yishan က အမှာစကား ပြောကြားခဲ့ပြီး ကာကွယ်ဆေး(၁)သန်းအား မြန်မာနိုင်ငံသို့ ၁၁-၁-၂၀၂၂ ရက်နေ့တွင် စတင်ပို့ဆောင်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါသည်။

အဆိုပါ ကာကွယ်ဆေး(၁)သန်းကို ၁၂-၁-၂၀၂၂ ရက်နေ့တွင် မြန်မာနိုင်ငံရှိ မြန်မာ-တရုတ် နယ်စပ်မြို့(၅)မြို့သို့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။