(၈-၁၁-၂၀၂၁ ရက်၊ စင်ကာပူ)
၁။ စင်ကာပူနိုင်ငံတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုသည့် မြန်မာနိုင်ငံသားများအား ၈-၁၁-၂၀၂၁ (တနင်္လာနေ့)၊ ဒေသစံတော်ချိန် (၁၅:၃၀) နာရီတွင် (၇၇) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် (Relief Flight) အဖြစ် မြန်မာအမျိုးသား လေကြောင်းလိုင်း (Myanmar National Airlines – MNA) ပျံသန်းအမှတ် UB1002 ဖြင့် စင်ကာပူနိုင်ငံမှ ရန်ကုန်မြို့သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပါသည်။ အဆိုပါ ကယ်ဆယ်ရေး လေယာဉ်တွင် စင်ကာပူနိုင်ငံသို့ ကာလတိုလာရောက်စဉ် COVID-19 ကြောင့် ပိတ်မိနေ သူများ၊ စင်ကာပူနိုင်ငံတွင် ပညာသင်ကြားနေသည့် ကျောင်းသား/ ကျောင်းသူများ၊ ကိုယ်ဝန် ဆောင်မိခင်များ၊ အလုပ်လုပ်ခွင့်ပါမစ် ဖျက်သိမ်း/ ရပ်နားခြင်းခံထားရသူများ၊ သင်္ဘောသား များနှင့် မြန်မာနိုင်ငံရှိ မိသားစုများထံ အလည်အပတ်ပြန်ကြသူများ အပါအဝင် စုစုပေါင်း (၁၂၄) ဦး လိုက်ပါသွားကြပါသည်။
၂။ အဆိုပါ ကယ်ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါမည့် မြန်မာနိုင်ငံသားများအနေဖြင့် လေဆိပ်၌ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာတွင် အခက်အခဲမရှိစေရေးနှင့် စင်ကာပူနိုင်ငံမှ အဆင်ပြေချောမွေ့စွာ ထွက်ခွာနိုင်ရေးအတွက် မြန်မာသံရုံးမှ တာဝန်ရှိသူများက ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရပါသည်။

