ဂျော်ဒန်နိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲကြုံတွေ့နေရသော မြန်မာနိုင်ငံသား များအား (၁၂) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်

(၁၇-၁၀-၂၀၂၁၊ အာမန်)

၁။ ကမ္ဘာနှင့်အဝှမ်း လတ်တလော ဖြစ်ပွားနေသည့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအချို့တွင် အပြည်ပြည်ဆိုင်ရာ လေကြောင်း လိုင်းပြေးဆွဲမှုများ ယာယီရပ်ဆိုင်းထားသည့် ကာလအတွင်း၌ ဂျော်ဒန်နိုင်ငံအတွင်း၌ အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲ ကြုံတွေ့နေရသော မြန်မာနိုင်ငံသားများအား ပြန်လည်ပို့ဆောင်မည့် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (Myanmar Airways International – MAI) ၏ (၁၂)ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် (Relief Flight) သည် ဂျော်ဒန်နိုင်ငံ၊ အာမန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ၁၇-၁၀-၂၀၂၁ ရက်(တနင်္ဂနွေနေ့)၊ ဒေသစံတော်ချိန်(၁၈:၀၅) နာရီခန့်တွင် ထွက်ခွာခဲ့ပါသည်။ 

၂။ အဆိုပါ (၁၂) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်ဖြင့် Camel and Vega ကုမ္ပဏီတွင် လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသား စုစုပေါင်း (၁၃၃) ဦး လိုက်ပါသွားခဲ့ပါသည်။ ပြည်တွင်း၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ကာကွယ်၊ တားဆီးနိုင်ရန် ရည်ရွယ်၍ ခရီးသည်များအနေဖြင့် ခရီးစဉ်မတိုင်မီ ၇၂ နာရီအတွင်း COVID-19 ရောဂါစစ်ဆေးမှုများကို ပြုလုပ်ခဲ့ပါသည်။ ဖော်ပြပါ မြန်မာနိုင်ငံသားများအနက်မှ နိုင်ငံကူးလက်မှတ်သက်တမ်း ကျော်လွန်နေကြသည့်သူများကိုလည်း အဆင်ပြေချောမောစွာဖြင့် နေရပ်ပြန်နိုင်ရေးအတွက် သံရုံးထောက်ခံစာများကို မြန်မာသံရုံး၊ တဲလ်အဗီးမြို့က အခမဲ့ အချိန်မီထုတ်ပေးခဲ့ကြောင်း သိရှိရပါသည်။