(၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၆ ရက်၊ ဂျီနီဗာမြို့)
ဂျီနီဗာမြို့တွင် ၂၀၂၂ ခုနှစ်၊ ဇွန်လ(၁၃) ရက်မှ ဇူလိုင်လ(၈)ရက်အထိ ကျင်းပလျက် ရှိသော ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင် မြန်မာနိုင်ငံကိုဆန့်ကျင် ကျင်းပသော အစည်းအဝေးအများအပြားပါဝင်သည်။ လူ့အခွင့်အရေးကောင်စီ၏ မူဝါဒဖြစ် သော ဆွေးနွေးခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ကောင်စီကိုယ်တိုင်က ဆန့်ကျင်၍ သက်ဆိုင်ရာနိုင်ငံ မပါဝင်ဘဲ ယင်းအစည်းအဝေးများကို ကျင်းပလျက်ရှိသည်။ ယင်းအစည်း အဝေးများ(ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏နှုတ်ဖြင့် အစီရင်ခံစာအပေါ် အပြန်အလှန်ဆွေးနွေးပွဲ၊ ၁၄-၆-၂၀၂၂) နှင့် ထုတ်ပြန်ချက်များသည် မြေပြင်အခြေအနေကို ထင်ဟပ်ခြင်းမရှိဘဲ ချဲ့ကားထားသောကိန်းဂဏန်းများ၊ သိမ်းကျုံးစွပ်စွဲချက်များနှင့် နိုင်ငံရေး သွတ်သွင်းမှုများ ပါဝင်ကြောင်းတွေ့ရှိရသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် အခြေအမြစ်မရှိ သည့် တစ်ဖက်သတ်ပြောကြားချက်များကို လက်မခံဘဲပယ်ချသည်။ မြန်မာနိုင်ငံ၏တုံ့ပြန်ချက် များမှာ အောက်ပါအတိုင်းဖြစ်သည်။
အထူးအစီရင်ခံစာတင်သွင်းသူများ၏သတင်းထုတ်ပြန်ချက်အပေါ်တုံ့ပြန်ချက်
မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ အပါ အဝင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏အချို့သောအထူးအစီရင်ခံစာတင်သွင်းသူတို့ သည် မြန်မာနိုင်ငံနှင့်စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်များကိုအကြိမ် (၅၀) မြောက် ပုံမှန် အစည်းအဝေး ကျင်းပသည့်အချိန်နှင့် ချိန်ကိုက်ထုတ်ပြန်ခဲ့ကြကြောင်းကိုလည်း တွေ့ရှိရသည်။
အထူးအစီရင်ခံစာတင်သွင်းသူအနေဖြင့် ၎င်းတို့ထုတ်ပြန်မည့်သတင်းတွင် သက်ဆိုင်ရာ နိုင်ငံမှ ပေးပို့လာသောအချက်များကို မျှတစွာထည့်သွင်းထုတ်ပြန်ရမည့် တာဝန်ရှိသော်လည်း ၎င်းတို့ထုတ်ပြန်ခဲ့သည့်သတင်းတွင် မြန်မာနိုင်ငံဘက်မှ ပေးပို့ခဲ့သောအချက်များကို ထည့်သွင်း ဖော်ပြရန်ထင်ရှားစွာပျက်ကွက်ခဲ့သည်။ သို့ဖြစ်ရာ ၎င်းတို့၏ထုတ်ပြန်ချက်များသည် တစ်ဖက် သတ်ဖြစ်ပြီး ဖတ်ရှုသူများကိုနားလည်မှုလွဲမှားစေသည်။
အထူးအစီရင်ခံစာ တင်သွင်းသူများသည် အင်တာနက်ကန့်သတ်ချက်များရှိကြောင်း စွပ်စွဲထားသော်လည်း အကြမ်းဖက်အဖွဲ့များဖြစ်ကြသည့် CRPH၊ NUG နှင့် PDF တို့က ဆက်သွယ်ရေးတာဝါတိုင် (၁၂၄၀) နှင့် ဖိုင်ဘာအော့တစ်ကြိုးများ ဖျက်ဆီးခဲ့သည့် အကြမ်းဖက် လုပ်ဆောင်မှုများကို လျစ်လျူရှုထားသည်။ အကျိုးဆက်အဖြစ်ပြည်သူ (၁.၅) သန်းသည် ဆက်သွယ်ရေး ပြတ်တောက်မှုများ ကြုံတွေ့ခဲ့ရသည်။ အများပြည်သူပိုင်နေရာများတွင် ဗုံးဖောက်ခွဲတိုက်ခိုက်မှု (၃၀၀) ကျော် ပြုလုပ်ခဲ့ပြီး ယင်းသို့ ဗုံးခွဲမှုအများစုမှာ ဖုန်း၊ ဆင်းကဒ် များကို အဝေးထိန်းပစ္စည်းအဖြစ် တစ်လွဲအသုံးပြု၍ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။ ယင်း အကြမ်းဖက်အဖွဲ့အစည်းများသည် လူမှုကွန်ရက်ကို တစ်လွဲအသုံးပြု၍ အကြမ်းဖက်မှုများ ကျုးလွန်ခြင်းနှင့် အကြမ်းဖက်မှုများကို ငွေကြေးထောက်ပံ့ခြင်းများဆောင်ရွက်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အချို့သော လူမှုကွန်ရက်များနှင့် အိုင်စီတီကော်ပိုရေးရှင်းတို့က အနောက် နိုင်ငံများ၏အမြင်နှင့် ၎င်းတို့ပုံဖော်လိုသော ဇာတ်လမ်းအတိုင်းမဖြစ်သည့် အင်တာနက် စာမျက်နှာများနှင့် applications များကို ဖယ်ရှားခြင်း၊ ပိတ်ဆို့ခြင်းတို့ဖြင့် သတင်းအချက် အလက်ရယူပိုင်ခွင့်ကို ငြင်းပယ်ခဲ့သည်။
အထူးအစီရင်ခံစာတင်သွင်းသူ၏အမည်ခံအစည်းအဝေးစာရွက်စာတမ်းအပေါ် တုံ့ပြန်ချက်
မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူသည် လှုံ့ဆော်မှုနှင့် ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှု ပုံသဏ္ဍာန်မျိုးစုံပါဝင်သော အစီရင်ခံစာ များကိုအကန့်အသတ်မရှိရေးသားတင်သွင်းခွင့်ရရှိထားသည်။ ၎င်း၏အမည်ခံ အချက်အလက် စာရွက်စာတမ်းတွင် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် ၈ လ ကလေး အပါအဝင် ကလေး (၆၅) ဦးကို သတ်ဖြတ်ခဲ့သည့်သတင်းများကို လွယ်လင့်တကူ ရရှိနိုင်သော်လည်း အဆိုပါ အချက်အလက်များကို လျစ်လျူရှု၍ ရေးသားထားသည်။ ထို့အပြင် အဆိုပါစာတမ်း တွင် ဖော်ပြပါရှိသည့် အကြောင်းအရာများနှင့် ဖော်ပြချက်များမှာ မှန်ကန်သော အချက်အလက် များအပေါ် အခြေခံထားခြင်းမဟုတ်သော ဇာတ်လမ်းများသာဖြစ်သည်။ ပါရှိသောအရေ အတွက်များမှာ အထောက်အထားမရှိသကဲ့သို့ ဆီလျော်မှုလည်းမရှိဘဲ လက်တစ်ဆုပ်စာအရင်း အမြစ်များကို လွယ်လင့်တကူကိုးကား ထားခြင်းဖြစ်သည်။ ၂၀၂၂ ခုနှစ် မေလ ၃၁ ရက်အထိ ကျောင်းအပ်နှံသည့် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၅.၂) သန်းရှိချိန်တွင် အထူး အစီရင်ခံစာတင်သွင်းသူ၏ ကျောင်းအပ်နှံမှု ကျဆင်းကြောင်း ရည်ညွှန်းဖော်ပြထားချက်မှာ သတင်းမှားသက်သက်ဖြစ်ကြောင်း သိသာစေသည်။ အကြမ်းဖက် အဖွဲ့များ၏ စာသင်ကျောင်း များကို တိုက်ခိုက်မှုများနှင့် ဆရာ/ဆရာမ (၁၇)ဦးနှင့် ပညာရေးဝန်ထမ်း (၆) ဦးတို့အား သတ်ဖြတ်မှုများမှာ လျစ်လျူရှု၍မရအောင် ထင်ရှားသည်။
လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏နှုတ်ဖြင့် အစီရင်ခံစာ တင်သွင်းမှုအပေါ် တုံ့ပြန်ချက်
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးသည် မြန်မာနိုင်ငံဆိုင်ရာနှုတ်ဖြင့် အစီရင်ခံစာကို လူ့အခွင့်အရေးကောင်စီသို့ ၂၀၂၂ ခုနှစ်၊ ဇွန်လ(၁၄)ရက်တွင် တင်သွင်းခဲ့သည်။ မဟာမင်းကြီးသည် သိမ်းကျုံးစွပ်စွဲချက်များနှင့် တာဝန်မဲ့ကောက်ချက်ချမှုများဖြင့် အထင် အမြင်မှားစေသည့်မိန့်ခွန်းကို ၎င်း၏လုပ်ပိုင်ခွင့်ထက်ကျော်လွန် ပြောကြားခဲ့သည်ကို စိတ်ပျက် ဖွယ်မှတ်သားရသည်။ မဟာမင်းကြီးသည် မည်သည့်အရင်းအမြစ်မှ ရရှိသည်ကိုလည်းကောင်း၊ မည်သည့်နည်းဖြင့် စိစစ်ခဲ့သည်ကိုလည်းကောင်း ရှင်းလင်းဖော်ပြခြင်းမရှိဘဲ တပ်မတော်က လူပေါင်း (၁၉၀၀) ကို သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။ သို့ရာတွင် CRPH၊ NUG နှင့် PDF အမည်ခံအကြမ်းဖက် အဖွဲ့များ၏ အကြမ်းဖက်မှုများကြောင့် အပြစ်မဲ့ပြည်သူ(၃,၀၀၀) နီးပါး အသက်ဆုံးရှုံးခဲ့သည့်အပေါ်တွင်မူ မသိကျိုးကျွန်ပြုခဲ့သည်။
လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး၊ မြန်မာနိုင်ငံဆိုင်ရာအထူး အစီရင်ခံစာ တင်သွင်းသူနှင့် အခြားသူတို့က မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှု အကူအညီလိုအပ်သူ (၁၄) သန်းရှိသည်ဟူသော ကိန်းဂဏန်းကို ကိုးကားပြောကြားလျက်ရှိသည်။ ယင်းကိန်းဂဏန်းမှာ ၂၀၂၂ ခုနှစ်၊ ဇွန်လက ထုတ်ပြန်ခဲ့သည့် လူသားချင်းစာနာတုံ့ပြန်ရေးအစီအစဉ်(မြန်မာ)မှ အစပြုခြင်းဖြစ်သည်။ သက်ဆိုင်ရာ ကုလသမဂ္ဂရုံးနှင့် စိစစ်ခဲ့ရာ နေရပ်စွန့်ခွာသူနှင့် ထိခိုက် ခံစားရသူများမဟုတ်သည့် အမျိုးအစား အသစ်ဖြင့် လူဦးရေ (၁၃.၃) သန်းကို ဖန်တီးခဲ့ကြောင်း တွေ့ရှိရသည်။ ယင်းကိန်းဂဏန်းမှာ ဖွံ့ဖြိုးရေး အကူအညီလိုအပ်ကောင်း လိုအပ်နိုင်သည့် မြို့ပေါ်နေလူဦးရေဖြစ်သည်။ လူသားချင်းစာနာတုံ့ပြန်ရေး အစီအစဉ်သစ်အတွက် အမေရိကန် ဒေါ်လာသန်း (၈၀၀) တောင်းခံခဲ့ပြီး ယင်းမှာ ယမန်နှစ်ကထက် လေးဆတိုးမြှင့် ထားခြင်းဖြစ် သည်။ သက်ဆိုင်ရာကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် ဝန်ထမ်းများအနေဖြင့် ၎င်းတို့၏လုပ်ငန်း တာဝန်များကို ဂုဏ်သိက္ခာရှိရှိပညာရှင်ဆန်စွာနှင့် တိကျစွာဆောင်ရွက်ကြရန်အကြံပြုသည်။
သေဒဏ်ချမှတ်ခံရသူများနှင့်စပ်လျဉ်း၍ ၎င်းတို့ကို လက်နက်ပေါင်းရာချီနှင့် ဖမ်းဆီးရ မိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့သည် ရန်ကုန်မြို့ရှိ အကြမ်းဖက်အုပ်စုများကို ခေါင်းဆောင်ကာ အုပ်ချုပ်ရေးမှူးများနှင့် အရပ်သားများအပေါ် လုပ်ကြံသတ်ဖြတ်မှုပေါင်း(၃၀)ကျော်အတွက် တာဝန်ရှိသူများဖြစ်ကြောင်း မဟာမင်းကြီးနှင့် အချို့သောနိုင်ငံများကို မြန်မာနိုင်ငံကသတိပေး လိုသည်။ ယင်းကိစ္စနှင့်စပ်လျဉ်းပြီး နိုင်ငံခြားရေးဝန်ကြီးဌာနမှ ၆-၆-၂၀၂၂ ရက်တွင် သတင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
မဟာမင်းကြီးသည် အကြမ်းဖက်မှုများအတွက် တာဝန်ရှိသည့်အကြမ်းဖက်အဖွဲ့အစည်း များနှင့် ထိတွေ့ရန်နှင့် မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ်အရေးယူမှုများပြုလုပ်ရန် နိုင်ငံတကာ အသိုက်အဝန်းကို ပြောင်တင်းစွာလှုံ့ဆော်မှုများအပေါ် အထူးစိုးရိမ်စွာဖြင့် မှတ်သားထားသည်။ မြန်မာအစိုးရအနေဖြင့် မဟာမင်းကြီး၏ ယင်းကဲ့သို့တောင်းဆိုမှုများကိုပြတ်သားစွာ ပယ်ချ လျက် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမှ ရှောင်ကြဉ်ရန်နှင့် လူ့အခွင့်အရေးနယ်ပယ်တွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင် ရန် ၎င်းအားပေးအပ်ထားသော လုပ်ပိုင်ခွင့်တာဝန်ကို လေးစားရန် တိုက်တွန်းလိုက်သည်။
မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊
ဂျီနီဗာမြို့

