(၉-၁၀-၂၀၂၆၊ မနီလာ)
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ ဖိလစ်ပိုင် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ၌ ၅-၁၀-၂၀၂၆ ရက်မှ ၈-၁၀-၂၀၂၆ ရက်အထိ ကျင်းပပြုလုပ်သည့် (၄၄) ကြိမ်မြောက် အာဆီယံစွမ်းအင်ဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မနီလာမြို့၊ မြန်မာသံရုံး၊ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဒေါ်အိအိတင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။
အဆိုပါ (၄၄) ကြိမ်မြောက် အာဆီယံစွမ်းအင်ဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေး၊ (၅) ကြိမ်မြောက် အာဆီယံ-အမေရိကန် စွမ်းအင်ဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေး၊ (၂၀) ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေး စွမ်းအင်ဝန်ကြီးများ အစည်းအဝေး၊ (၂၃) ကြိမ်မြောက် အာဆီယံအပေါင်းသုံးစွမ်းအင်ဝန်ကြီးများ အစည်းအဝေးများကို ဖိလစ်ပိုင်နိုင်ငံ၊ စွမ်းအင်ဝန်ကြီး Her Excellency Sharon S. Garin က အစည်းအဝေးသဘာပတိအဖြစ်လည်းကောင်း၊ စင်ကာပူနိုင်ငံ၊ စွမ်းအင်၊ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး H.E. Dr. Tan See Leng က ဒုတိယသဘာပတိအဖြစ်လည်းကောင်း ပြုလုပ်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စွမ်းအင်ဆိုင်ရာဝန်ကြီးများ၊ အရှေ့အာရှထိပ်သီးအစည်းအဝေး အဖွဲ့ဝင်နိုင်ငံများမှ စွမ်းအင်ဆိုင်ရာဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာကောင်ကင်ဟွန်း၊ အာဆီယံစွမ်းအင်စင်တာ၏ အုပ်ချုပ်မှုဒါရိုက်တာ၊ အာဆီယံစီးပွားရေး အသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ် H.E. Satvinder Singh နှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးများတွင် ၂၀၂၆ ခုနှစ်အတွင်း စီးပွားရေးဆိုင်ရာ ဦးစားပေး အကောင်အထည်ဖော်ဆောင်မှု ရလဒ်များနှင့် ဦးစားပေးလုပ်ငန်း အစီအစဉ်များ အကောင်အထည်ဖော်ရေးကိစ္စ၊ အာဆီယံလျှပ်စစ်ဓာတ်အားကွန်ရက်နှင့် ဒေသတွင်း စွမ်းအင်ချိတ်ဆက်မှုဆိုင်ရာကိစ္စ၊ အာဆီယံစွမ်းအင်ဆိုင်ရာ သဘောတရား အစီရင်ခံစာနှင့် ဒေသတွင်း စွမ်းအင်စီမံကိန်းရေးဆွဲမှုကိစ္စ၊ ဒေသတွင်း စွမ်းအင်လုံခြုံရေးနှင့် ကြံ့ကြံ့ခံနိုင်စွမ်းမြှင့်တင်ရေး ကိစ္စရပ်များ၊ ဆွေးနွေးဖက်နိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါသည်။


