(၂၉-၄-၂၀၂၅ ရက်၊ တိုကျို)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ၂၀၂၅ ခုနှစ်အတွက် သာသနာတော်ဆိုင်ရာ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ဆက်ကပ်ချီးမြှင့် အပ်နှင်းခဲ့သည့် ဂျပန်နိုင်ငံ၊ အိဘရခိခရိုင်၊ ဟိုခိုတမြို့ရှိ ဂျောရှင်းအန်း ဝိပဿနာ တရား ရိပ်သာနှင့် ထေရဝါဒ ဓမ္မစာရီ မြန်မာကျောင်းတိုက်၏ သာသနာပြုအဖွဲ့ ဥက္ကဌ ၊ ယောဂီ ဆရာလေး Ms. Ikuko Yoshida အား ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ခြင်းအခမ်းအနားကို ၂၇-၄-၂၀၂၅ ရက်နေ့ (တနင်္ဂနွေနေ့) တွင် ထေရဝါဒ ဓမ္မစာရီ မြန်မာကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ သံအမတ်ကြီး ဦးစိုးဟန်နှင့်ဇနီး၊ မြန်မာသံရုံးမှ ဝန်ထမ်းများ နှင့် မိသားစုဝင်များ၊ ဂျောရှင်းအန်း ဝိပဿနာ တရားရိပ်သာမှ ကျောင်းထိုင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဉာဏုတ္တရနှင့် ဂျပန်နိုင်ငံသား ယောဂီများ၊ ပါဝင်တက်ရောက်ခဲ့ကြ ပါသည်။
ဦးစွာအခမ်းအနားသို့ တက်ရောက်လာကြသူများမှ နမောတဿ (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် သံအမတ်ကြီး ဦးစိုးဟန်မှ ၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ချီးမြှင့်အပ်နှင်းခံရသည့် ဂျပန်နိုင်ငံမှ ပြည်ပဘွဲ့ခံ ယောဂီဆရာလေး Ms. Ikuko Yoshida အား ဂုဏ်ပြုပူဇော်ပွဲအခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ဝမ်းမြောက်ဂုဏ်ပြုစကား ပြောကြားခဲ့ပါသည်။
ထို့နောက် သံအမတ်ကြီး ဦးစိုးဟန်နှင့် ဇနီးဒေါ်လဲ့လဲ့ဝါတို့မှ ၂၀၂၅ ခုနှစ်၊ သာသနာ တော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ချီးမြှင့်အပ်နှင်းခံရသည့် ဂျပန်နိုင်ငံမှ ပြည်ပဘွဲ့ခံ ယောဂီဆရာလေး Ms. Ikuko Yoshida အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များ ဆက်ကပ်ခဲ့ပါသည်။
ဆက်လက်၍ ဂျပန်နိုင်ငံ၊ အိဘရခိခရိုင်၊ ထေရဝါဒဓမ္မစာရီ မြန်မာကျောင်းတိုက်၊ ဂျောရှင်းအန်း ဝိပဿနာတရားရိပ်သာမှ Ms. Ikuko Yoshida မှ ဘွဲ့တံဆိပ်တော်ချီးမြှင့်ခံရ ခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူစကား ပြောကြားခဲ့ပါသည်။
ထို့နောက်တက်ရောက်လာကြသည့် ဧည့်ပရိသတ်များမှ ဗုဒ္ဓသာသနံ စိရံ တိဌတု (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ သံအမတ်ကြီးနှင့်ဇနီး၊ သံရုံးဝန်ထမ်း များနှင့် မိသားစုဝင်များသည် ဂျောရှင်းအန်း ဝိပဿနာ တရားရိပ်သာမှ ကျောင်းထိုင်ဆရာ တော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဉာဏုတ္တရနှင့်ယောဂီများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း ခဲ့ပြီး လှူဖွယ်ဝတ္တုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ဂျပန်နိုင်ငံ၊ အိဘရခိခရိုင်၊ ထေရဝါဒဓမ္မစာရီ မြန်မာကျောင်းတိုက်၊ ဂျောရှင်းအန်း ဝိပဿနာတရားရိပ်သာမှ Ms. Ikuko Yoshida သည် ဂျပန်ထေရဝါဒ ဗုဒ္ဓဘာသာ သာသနာ ပြုအဖွဲ့ချုပ်၏ ဥက္ကဌအဖြစ် ထမ်းဆောင်လျက်ရှိခြင်း၊ သာသနာပြုသက်တမ်း (၂၇) နှစ် အတွင်း ဘာသာရေးစာအုပ် ၄ အုပ်ရေးသားထုတ်ဝေခဲ့ခြင်း၊ သာသနိကအဆောက်ဦများ တည်ဆောက်ပြုပြင်မွမ်းမံခြင်း၊ ပရဟိတလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ စသည့် ဗုဒ္ဓ သာသနာထွန်းကားပြန့်ပွားရေး သာသနာပြုလုပ်ငန်းများကို စွမ်းစွမ်းတမံထမ်းဆောင် သာသနာပြုလျက်ရှိသဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီမှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့က Ms. Ikuko Yoshida အား သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်အား ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

