အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေးအကယ်ဒမီအဖွဲ့ဝင်နိုင်ငံများ၏ (၁၅) ကြိမ်မြောက် ညီလာခံတွင် မြန်မာအဖွဲ့ရုံးယာယီတာဝန်ခံ သံအမတ်ကြီး တက်ရောက်မိန့်ခွန်း ပြောကြား

(၃၀-၁၀-၂၀၂၆၊ ဗီယင်နာ)

ဗီယင်နာမြို့အခြေစိုက် မြန်မာသံရုံးနှင့် အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး ယာယီတာဝန်ခံ သံအမတ်ကြီး ဦးအောင်ကျော်ဇံသည် ၃၀-၁၀-၂၀၂၆ ရက်တွင် ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့ရှိ ဗီယင်နာ အပြည်ပြည်ဆိုင်ရာစင်တာ၌ ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှု တိုက်ဖျက်ရေးအကယ်ဒမီ (IACA) အဖွဲ့ဝင်နိုင်ငံများ၏ (၁၅) ကြိမ်မြောက် ညီလာခံသို့ ပါဝင် တက်ရောက်ခဲ့ပြီး အထွေထွေမူဝါဒရေးရာဆွေးနွေးမှုကဏ္ဍ၌ မိန့်ခွန်းပြောကြားခဲ့သည်။

မြန်မာအဖွဲ့ရုံးယာယီတာဝန်ခံက မိန့်ခွန်းပြောကြားရာတွင် IACA သို့ အဖွဲ့ဝင်နိုင်ငံသစ်များ ဝင်ရောက်လာခြင်းမှာ ကမ္ဘာလုံးဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် IACA ၏ အရေးပါသော အခန်းကဏ္ဍကို ပိုမိုအသိအမှတ်ပြုလာခြင်းဖြစ်ကြောင်း၊ IACA ၏ ဘွဲ့လွန်သင်တန်းများ၊ လေ့ကျင့်ရေး သင်တန်းများကို မြန်မာနိုင်ငံအနေဖြင့် အလေးထားကြောင်း၊ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများအတွက် စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် နည်းပညာဆိုင်ရာ အကူအညီများသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် အလွန်အရေးပါသဖြင့် ပညာသင်ဆုများနှင့် အခမဲ့အွန်လိုင်း သင်တန်းများ ပိုမိုတိုးချဲ့ပေးအပ်ရန်နှင့် လူငယ်များနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး အရာရှိများအား IACA ၏ အစီအစဉ်များတွင် ပိုမိုပါဝင်ခွင့် ရရှိစေရေး ဆောင်ရွက်ပေးရန် တိုက်တွန်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကြိုးပမ်းမှုများအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးမဟာဗျူဟာစီမံချက် (၂၀၂၆-၂၀၃၀) ကို အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များကို တိုင်းဒေသကြီး/ ပြည်နယ် များနှင့် ဝန်ကြီးဌာနများအားလုံးတွင် တိုးချဲ့ဖွဲ့စည်းထားမှု၊ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးကဏ္ဍများကို ပိုမိုတိုးမြှင့် ဆောင်ရွက်နေမှု၊ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလအတွင်း (၂၂) ကြိမ်မြောက် အာဆီယံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ (ASEAN-PAC) အကြီးအမှူးများ အစည်းအဝေးနှင့် ၂၀၂၇ ခုနှစ်တွင် (၂၃) ကြိမ်မြောက် အတွင်းရေးမှူးရုံးအဖွဲ့အစည်းအဝေးတို့ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ရှိမှုနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရာတွင် IACA နှင့် ယင်း၏အဖွဲ့ဝင်နိုင်ငံများ၊ အပြည်ပြည်ဆိုင်ရာနှင့် ဒေသတွင်း မိတ်ဖက်များနှင့်အတူ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် ကတိကဝတ်ပြုမှုတို့ကို ထည့်သွင်း ပြောကြားခဲ့သည်။