မြန်မာ-ရုရှား နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား သတင်းပြန်ကြားရေး ဆိုင်ရာဆွေးနွေးပွဲ (Bilateral Inter-ministerial Consultation) တစ်ရပ်ကို နိုင်ငံခြားရေး ဝန်ကြီးဌာန၊ မဲခေါင်-လန်ချန်း အဆောက်အဦ၊ အစည်းအဝေးခန်းမ၌ ၂၈-၅-၂၀၂၆ ရက် (ကြာသပတေးနေ့) နံနက် ၁၀:၀၀ နာရီမှ ၁၂:၀၀ နာရီအထိ ကျင်းပခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ပြည်တွင်း/ပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေး ဌာနခွဲ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန၊ Information and Press Department မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါဆွေးနွေးပွဲတွင် မြန်မာနှင့် ရုရှားနိုင်ငံတို့၏ ပုံရိပ်ကို နိုင်ငံတကာသို့ မှန်ကန်စွာ ထင်ဟပ် တင်ပြနိုင်ရေး၊ နိုင်ငံခြားရေးဝန်ကြီးဌာနအချင်းချင်းအကြားသာမက မီဒီယာကဏ္ဍ အချင်းချင်း အကြားတွင်ပါ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ပြည်သူ့သံခင်းတမန်ခင်းနှင့် အများပြည်သူဆိုင်ရာ သတင်းမီဒီယာ တင်ဆက်မှုကဏ္ဍတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် ရေး၊ နောက်ဆုံးပေါ် နည်းပညာများကို အသုံးပြု၍ ဖန်တီးဖြန့်ဝေနေသော သတင်းတု၊ သတင်းမှားများကို တိုက်ဖျက်ရေးကိစ္စရပ်များကို အလေးထားဆွေးနွေးခဲ့ကြပါသည်။ ရုရှား ကိုယ်စားလှယ်အဖွဲ့သည် ၂၉-၅-၂၀၂၆ ရက်နေ့တွင် မြန်မာသတင်းမီဒီယာကောင်စီမှ တာဝန်ရှိသူများ၊ မီဒီယာကဏ္ဍမှ ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
မြန်မာ-ရုရှား နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား သတင်းနှင့် မီဒီယာကဏ္ဍပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပ(၂၈-၅-၂၀၂၆၊ နေပြည်တော်)

