(၁၉-၈-၂၀၂၆၊ ဘရာဇီးလျား)
ဘရာဇီးလ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကျော်ဇံနှင့် ဇနီးတို့သည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်၊ ၁၉၀၀ နာရီတွင် ဘရာဇီးလျားမြို့၊ အင်ဒိုနီးရှားသံအမတ်ကြီးနေအိမ်၌ အာဆီယံ-ဘရာဇီးလျားကော်မတီမှ ကျင်းပပြုလုပ်သည့် (၅၉) နှစ်မြောက် အာဆီယံနေ့ အထိမ်းအမှတ် ညစာစားပွဲအခမ်းအနားသို့ ဘရာဇီးလျားအခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီးများ၊ ဇနီးများနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ အာဆီယံအတွင်းရေးမှူးချုပ် H.E. Dr. Kao Kim Hourn နှင့် ဘရာဇီးလ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ အတွင်းဝန် Ambassador H.E. Mrs. Susan Kleebank တို့က အထူးဧည့်သည်တော်များအဖြစ် တက်ရောက်ခဲ့ပြီး၊ ဘရာဇီးလ် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဘရာဇီးလ် အစိုးရဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ အာဆီယံ-ဘရာဇီးလ်ဆိုင်ရာ လွှတ်တော်အမတ်များ၊ ဘရာဇီးလျားအခြေစိုက် နိုင်ငံခြားသံရုံးများမှ ဖိတ်ကြားထားသည့် သံတမန်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားအစီအစဉ်ကို အာဆီယံသီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီးနောက် အာဆီယံ-ဘရာဇီးလျားကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သူ ဘရာဇီးလ်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီး H.E. Mr. Andhika Chrisnayudhanto က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အထူးဧည့်သည်တော်အဖြစ် တက်ရောက်လာသော အာဆီယံအတွင်းရေးမှူးချုပ် H.E. Dr. Kao Kim Hourn က အထူးအမှာစကားနှင့် ဘရာဇီးလ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ အတွင်းဝန် Ambassador H.E. Mrs. Susan Kleebank တို့က အမှာစကား အသီးသီးပြောကြားခဲ့ပါသည်။
ထို့နောက် မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခြင်း၊ တက်ရောက်လာသောဧည့်သည်တော်များအား အာဆီယံနိုင်ငံများ၏ ရိုးရာအစားအစာများဖြင့် တည်ခင်းဧည့်ခံခြင်း၊ အာဆီယံနိုင်ငံများ၏ ယဉ်ကျေးမှုဓလေ့များ၊ အထင်ကရနေရာများ အပါအဝင် ခရီးသွားလုပ်ငန်းမြှင့်တင်သည့် Video Clip များပြသခြင်း၊ အင်ဒိုနီးရှားနိုင်ငံသံရုံးမှ ဘာလီရိုးရာအကဖြင့် ဖျော်ဖြေဧည့်ခံပြီးနောက် အခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။
မြန်မာသံရုံး၊ ဘရာဇီးလျားအနေဖြင့် အာဆီယံနိုင်ငံများ၏ ရိုးရာအစားအစာများဖြင့် တည်ခင်းဧည့်ခံခြင်း အစီအစဉ်တွင် မြန်မာ့ရိုးရာအစားအစာဖြစ်သည့် နန်းကြီးသုတ်ဖြင့် ပါဝင်ဧည့်ခံခဲ့ပါသည်။



