ဗန်ကောက်မြို့တွင် ကျင်းပသော ၅၉ ကြိမ်မြောက် သံတမန်ရေးရာ ကြက်ခြေနီရန်ပုံငွေ ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးနှင့် မြန်မာသံရုံးဝန်ထမ်းများ တက်ရောက်

(၂၆-၀၂-၂၀၂၆၊ ဗန်ကောက်)

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးသည် ထိုင်းကြက်ခြေနီအဖွဲ့၊ လှူဒါန်းမှု အထောက်အကူပြုဗဟိုဌာနနှင့် ထိုင်းနိုင်ငံအခြေစိုက် သံတမန်ရေးရာကော်မတီတို့မှ ပူးပေါင်း စီစဉ်လျက် “The Art of Giving” ဟူသော ခေါင်းစဉ်ဖြင့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက် (ကြသပတေးနေ့)၊ နံနက် ၀၈:၃၀ အချိန်တွင် ကျင်းပပြုလုပ်ခဲ့သည့် ၅၉ ကြိမ်မြောက် သံတမန်ရေးရာ ကြက်ခြေနီရန်ပုံငွေ ဈေး‌ရောင်းပွဲတော်(Diplomatic Red Cross Bazaar)ဖွင့်ပွဲ အခမ်းအနားသို့ မြန်မာသံရုံးဝန်ထမ်းများနှင့်အတူ တက်ရောက်ခဲ့ပါသည်။ အဆိုပါရန်ပုံငွေ ဈေးရောင်းပွဲတော်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်မှ မတ်လ ၁ ရက်အထိ ဗန်ကောက်မြို့ရှိ Siam Paragon၊ Paragon Hall (၅ လွှာ) တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားကို ထိုင်းကြက်ခြေနီအဖွဲ့၊အမှုဆောင်ဒုတိယဥက္ကဋ္ဌ ထိုင်းတော်ဝင်မင်းသမီး မဟာချက်ကရီသီရိဒုံသည် တက်ရောက်ဂုဏ်ပြုဖွင့်လှစ်ပေးခဲ့ပြီးနောက် နိုင်ငံတကာပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။ အခမ်းအနားသို့ နိုင်ငံတကာ သံတမန်အဖွဲ့ဝင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အထောက်အကူပြု စီးပွားရေးလုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူတို့ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါဈေးရောင်းပွဲတော်တွင် ဗန်ကောက်မြို့ရှိ မြန်မာသံရုံးအနေဖြင့် ပြခန်း ၃ ခန်း ဖွင့်လှစ်၍ မြန်မာ့ရိုးရာလက်မှုပစ္စည်းများ၊ မြန်မာ့တွင်းထွက် လက်ဝတ်ရတနာများ၊ ကျောက်စိမ်း လက်ဝတ်ရတနာများ၊ အဝတ်အထည်များ၊ မြန်မာ့ရိုးရာအစားအသောက်နှင့် ထုတ်ကုန်များကို ပြသရောင်းချခဲ့ပါသည်။

ဈေးရောင်းပွဲတော်အတွင်း ထိုင်းနိုင်ငံအခြေစိုက် ပြည်ပသံရုံး ၅၀ ကျော်မှ ရိုးရာအစားအစာများ၊ ရိုးရာယဉ်ကျေးမှု အသုံးအဆောင်ပစ္စည်းများနှင့် လက်မှုပစ္စည်းများကို ပါဝင်ပြသရောင်းချခဲ့ကြပြီး အဆိုပါအခမ်းအနားမှ ရရှိသည့်ရန်ပုံငွေများကို ထိုင်းကြက်ခြေနီအဖွဲ့မှ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် လူမှုကူညီရေးနှင့် လူသားချင်း စာနာထောက်ထားရေးလုပ်ငန်းများအတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။