နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်သည် “2025 China(Guangdong)-ASEAN Trade Promotion and Supply Chain Cooperation Mechanism Development Coordination & Exchange Conference” သို့ တက်ရောက် (၁၂-၆-၂၀၂၅ ရက်)

(၁၂-၆-၂၀၂၅ ရက်၊ ကွမ်ကျိုး)

၁၀-၆-၂၀၂၅ ရက်နေ့တွင် ကွမ်တုန်းပြည်နယ်၊ ကွမ်ကျိုးမြို့ရှိ Guangzhou Baiyun International Convention Center ၌ ကျင်းပခဲ့သည့် “2025 China(Guangdong)-ASEAN Trade Promotion and Supply Chain Cooperation Mechanism Development Coordination & Exchange Conference” ဖွင့်ပွဲအခမ်းအနားသို့ နန်နင်းမြို့၊ မြန်မာကောင်စစ် ဝန်ချုပ် ဒေါ်ခိုင်ဆုလင်း ပါဝင်တက်ရောက်ခဲ့ပါသည်။

 အဆိုပါကွန်ဖရင့်ကို ကွမ်တုန်းပြည်နယ်အစိုးရမှ ကြီးမှူးကာ တရုတ်နှင့် အာဆီယံနိုင်ငံများ မှ လုပ်ငန်းရှင်များအကြား ကုန်သွယ်မှုမြှင့်တင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်၌ ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်နိုင်မည့် ပလက်ဖောင်းတစ်ခုအဖြစ် ဖော်ဆောင်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါသည်။

 ဖွင့်ပွဲအခမ်းအနားသို့ တရုတ်နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ၊ ဒုတိယဥက္ကဋ္ဌ Mr. Nie Wenhui၊ ကွမ်တုန်းပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Wang Weizhong၊ ကွမ်တုန်း ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး Ms. Zhang Guozhi၊ အာဆီယံအတွင်းရေးမှူးချုပ်၏ စီးပွားရေး အထူးအကြံပေး Mr. Pov Somnang၊ ကမ္ဘောဒီးယားကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အတွင်းဝန် Ms. Svay Nakry မလေးရှားပါလီမန်အဖွဲ့ဝင် Mr. Tan Kok Wai၊ ကွမ်ကျိုးမြို့အခြေစိုက် စင်ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ လာအို၊ အင်ဒိုနီးရှားနှင့် ထိုင်းကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များနှင့် သံတမန်များ၊ နန်နင်းမြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်၊ တရုတ် နိုင်ငံတကာ ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ (ကွမ်တုန်းကော်မတီ) နှင့် အစိုးရတာဝန်ရှိပုဂ္ဂိုလ်များ၊ အာဆီယံနိုင်ငံများဖြစ်သည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနိုင်ငံများမှ ကုန်သည်အသင်းများမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင် များ စုစုပေါင်း (၆၀၀)ဦးကျော် တက်ရောက်ခဲ့ကြပါသည်။

 အဆိုပါအခမ်းအနား၌ ကွမ်တုန်းပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Wang Weizhong၊ တရုတ် နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ၊ ဒုတိယဥက္ကဋ္ဌ Mr. Nie Wenhui၊ အာဆီယံအတွင်း ရေးမှုးချုပ်၏ စီးပွားရေးဆိုင်ရာအထူးအကြံပေး Mr. Pov Somnang၊ ကမ္ဘောဒီးယားနိုင်ငံ၊ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ အတွင်းဝန် Ms. Svay Nakry စသည်တို့မှ အမှာစကားများ အသီးသီး ပြောကြားခဲ့ကြပြီးနောက် ကွမ်တုန်းပြည်နယ် တရုတ်နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ နှင့် ဘရူနိုင်း၊ လာအို၊ မလေးရှားနှင့် ဗီယက်နမ်နိုင်ငံတို့မှ စီးပွားရေးအသင်းအဖွဲ့များအကြား နားလည်မှုစာချွန်လွှာများလက်မှတ်ရေးထိုးခြင်း၊ Guangdong-ASEAN Connect Online Business Services Platform တည်ထောင်ခြင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနှင့် ဗီယက်နမ်နိုင်ငံတို့တွင် Guangdong Trade and Investment Service Centers များ ဖွင့်လှစ်ခြင်း၊ China-ASEAN Business Council ၏ ကွမ်တုန်းပြည်နယ်ရုံးခွဲ ဖွင့်လှစ်ခြင်း၊ Guangdong-ASEAN International Supply Chain Cooperation Alliance of Enterprises တည်ထောင်ခြင်း အခမ်းအနားများကိုဆက်လက်ကျင်းပခဲ့ ကြောင်းသိရှိရပါသည်။

********************************