ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က ရှင်းလင်းတင်ပြသည့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ အလွတ်သဘောအစည်းအဝေးနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ တုံ့ပြန်ချက် (၁၇-၆-၂၀၂၂ ရက်)

ကုလသမဂ္ဂအထွေထွေညီလာခံတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကရှင်းလင်းတင်ပြသည့် အလွတ်သဘောအစည်းအဝေးကို အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၌ ၁၃-၆-၂၀၂၂ ရက်တွင် ကျင်းပခဲ့သည်။ အဆိုပါအလွတ်သဘောအစည်းအဝေးသည် ဆုံးဖြတ်ချက်အဆို (A/RES/76/180) မှ စတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး နိုင်ငံတစ်နိုင်ငံကို ရွေးချယ် ပစ်မှတ်ထားခြင်းကို ဆန့်ကျင်သည့် မူအရ မြန်မာနိုင်ငံက ယင်းဆုံးဖြတ်ချက်အဆိုကို ပါဝင်ပတ်သက်ခြင်းမရှိဘဲ ပြတ်သားစွာ ကန့်ကွက်ပယ်ချခဲ့သည်။

အထူးကိုယ်စားလှယ်အနေဖြင့် အချက်အလက်၊ အရေအတွက်နှင့် ကိန်းဂဏန်းများကိုဂရုပြုရန်၊ အတတ်နိုင်ဆုံးစိစစ်ဆောင်ရွက်ရန်နှင့် အများပြည်သူသို့ ပြောကြားသည့် ၎င်း၏ မိန့်ခွန်းများတွင် သက်ဆိုင်ရာအစိုးရ၏ သဘောထားကိုထင်ဟပ်မှုရှိစေရန် အကြံပြုအပ်သည်။ ယင်းမှာအများက အမြော် အမြင်ရှိရှိ သုံးသပ်နိုင်စေရေးအတွက် လွတ်လပ်သည့် ကျွမ်းကျင်သူတစ်ဦး၏ မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ရပ် ဖြစ်သည်။

မြန်မာနိုင်ငံက သဘောမတူညီနိုင်သည့် အကြောင်းအရာများစွာရှိရာ မြေပြင်အခြေအနေနှင့် အလွန်ကင်းကွာလျက်ရှိသည့် အချက်အလက်အချို့ကို ထောက်ပြလိုသည်။ ယခုနှစ် ကျောင်းအပ်နှံနှုန်းသည်ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သိသာစွာ ထိခိုက်ခဲ့သော ကလေးသူငယ်များ၏ ပညာရေးအပေါ်မြန်မာအသိုက်အဝန်းက မည်မျှ အလေးထားကြောင်းကို ပြသလျက်ရှိသည်။ ၃၁-၅-၂၀၂၂ ရက်အထိ မြန်မာနိုင်ငံတစ်ဝန်းကျောင်းအပ်နှံသူကျောင်းသူ/သားစုစုပေါင်း ၅.၂ သန်း (ကျောင်းအပ်ရာခိုင်နှုန်း ၉၀ ရာခိုင်နှုန်းကျော်)ရှိချိန်တွင် အထူးကိုယ်စားလှယ်၏ ကိုးကားပြောကြားချက်မှာ အမှန်တရားနှင့် လုံးဝကင်းကွာကာ အများပြည်သူကိုအထင်အမြင် လွဲမှားစေသည်။

မြန်မာနိုင်ငံအတွင်း လူဦးရေ ၁၄.၄ သန်း လူသားချင်းစာနာထောက်ထားမှုအကူအညီ လိုအပ်လျက်ရှိသည်ဟူသောပြောကြားချက်မှာလည်း အလားတူပင်ဖြစ်သည်။ အဆိုပါ ၁၄.၄ သန်းအနက် ၁၃.၃ သန်းသည် နေရပ်စွန့်ခွာသူများမဟုတ်သကဲ့သို့ ထိခိုက်ခံစားနေရသူများလည်းမဟုတ်ဘဲမြို့နေပြည်သူများသာဖြစ်ကြောင်းတွေ့ရှိရသည်။ မြန်မာနိုင်ငံဆိုင်ရာလူသားချင်းစာနာတုံ့ပြန်ရေးအစီအစဉ် (၂၀၂၂ခုနှစ်) တွင်ချဲ့ကားထားသောကိန်းဂဏန်းများဖြင့်အမေရိကန်ဒေါ်လာသန်း ၈၀၀ ကျော်ကိုတောင်းခံထားပြီးယင်းမှာယခင်နှစ်ထက် ၄ ဆပိုမိုမြင့်မားသည်။

မြန်မာအစိုးရအနေဖြင့် အမှန်တကယ် လိုအပ်နေသူများထံသို့ လူသားချင်းစာနာမှုအကူအညီများထောက်ပံ့ပေးအပ်လျက်ရှိပြီး AHA Centre မှတစ်ဆင့် အပါအဝင်ပေးအပ်သည့် အကူအညီများလွယ်ကူချောမောစေရေးဆောင်ရွက်ပေးလျက်ရှိသည်။ အာဆီယံလူသားချင်းစာနာမှုအကူအညီပေးအပ်ရေးပထမအဆင့် ပြီးမြောက်ပြီးဖြစ်သဖြင့်ဒုတိယအဆင့် အကူအညီများအတွက် မြန်မာနိုင်ငံကအာဆီယံ၏ လက်ရှိအလှည့်ကျဥက္ကဋ္ဌကမ္ဘောဒီးယားနိုင်ငံနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ လက်နက်ကိုင်အဖွဲ့အချို့ လှုပ်ရှားလျက်ရှိသည့်နယ်စပ်ဒေသများကိုမတည်မငြိမ်ဖြစ်စေရန် အပါအဝင် အခြားသောရည်ရွယ်ချက်များဖြင့် လူသားချင်းစာနာထောက်ထားမှုအကူအညီကိုအသုံးမချသင့်ကြောင်းအလေးထားဖော်ပြအပ်သည်။

အကြမ်းဖက် NUG ၊ CRPH နှင့် PDF အဖွဲ့များကအကြမ်းဖက်သတ်ဖြတ်မှုပေါင်းများစွာကိုကျူးလွန်နေကြောင်းသက်သေထင်ရှားရှိချိန်တွင် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကိုအထူးကိုယ်စားလှယ်ကလျှော့ပေါ့ပြောကြားခြင်းမှာလည်းသင့်တော်မှုမရှိပါ။ ၁-၂-၂၀၂၁ ရက်မှ ၃၀-၄-၂၀၂၂ ရက်အထိအကြမ်းဖက် အဖွဲ့များကကလေး (၆၅) ဦး၊ ဆရာ/ဆရာမ (၃၅) ဦး၊ ကျန်းမာရေးဝန်ထမ်း (၉) ဦးနှင့် အရပ်သား (၂၀၀၀)‌ကျော်အပါအဝင် အပြစ်မဲ့ပြည်သူ (၂,၇၃၄) ဦးကိုရက်စက်စွာသတ်ဖြတ်ခဲ့သည်။

မြန်မာနိုင်ငံ၏ နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအချို့ကတစ်ဖက်သတ်နှင့် ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်နှောင့်ယှက်သောမိန့်ခွန်းများပြောကြားသည်ကိုစိတ်ပျက်ဖွယ် တွေ့ရသည်။လက်တွေ့၌ ယင်းလုပ်ငန်းစဉ်မှာအရှိန်အဟုန်ရရှိနေပြီဖြစ်သည်။ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးဆိုင်ရာမြန်မာ-ဘင်္ဂလားဒေ့ရှ်ပူးတွဲလုပ်ငန်းအဖွဲ့၏ ပဉ္စမအကြိမ် အစည်းအဝေးကို၁၄-၆-၂၀၂၂ ရက်တွင် နေပြည်တော်ရှိနိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့သည်။ အစည်းအဝေးတွင် နှစ်ဖက်စလုံးကပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေးများနှင့် နည်းပညာပိုင်းဆိုင်ရာလုပ်ငန်းအဖွဲ့အစည်းအဝေးများကိုပုံမှန်ကျင်းပရန် သဘောတူညီခဲ့ကြသည်။ နိုင်ငံသားရရှိရေးကိစ္စနှင့်စပ်လျဉ်း၍လည်းနိုင်ငံသားဖြစ်ခွင့် လျှောက်ထားလာသူများကို၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေပါ လိုအပ်ချက်များနှင့် ကိုက်ညီပါကသင့်လျော်သည့် နိုင်ငံသားအဆင့်အတန်းများထုတ်ပေးလျက်ရှိသည်။ယင်းဥပဒေသည်နိုင်ငံတစ်ဝန်းမည်သူ့ကိုမဆိုခွဲခြားမှုမရှိဘဲသက် ရောက်သည်။

အချို့နိုင်ငံများကမြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိုပြောင်ပြောင်တင်းတင်းဝင်ရောက်စွက်ဖက် သည့် မိန့်ခွန်းများပြောကြားလျက်ရှိသည်ကိုလည်းတွေ့ရှိရသည်။ မြေပြင်အခြေအနေမှန်ကိုသိရှိနားလည်ခြင်းမရှိဘဲ၊ နိုင်ငံရေးရည်ရွယ်ချက်ဖြင့် တစ်ဖက်သတ် ပြောကြားချက်များသည် မည်သည့် အဖြေမျှ မထွက်ဘဲအစိုးရ၏ လုပ်ငန်းတာဝန်ကိုသာအနှောင့်အယှက်ဖြစ်စေသဖြင့် မြန်မာနိုင်ငံကလက်ခံနိုင်ခြင်းမရှိပါ။

ယခုအလွတ်သဘောအစည်းအဝေးသို့ နိုင်ငံတော်သစ္စာဖောက်ဖျက်မှုဖြင့် ရာထူးမှထုတ်ပယ် ခြင်းခံထားရသောကျော်မိုးထွန်းအားတက်ရောက်ခွင့်နှင့် အခြေအမြစ်မရှိသောမိန့်ခွန်းပြောကြားခွင့် ပြုခဲ့သည်ကိုလည်းတွေ့ရှိရသည်။ သို့ဖြစ်ရာ ၎င်း၏ မိန့်ခွန်းသည် မြန်မာနိုင်ငံအားလုံးဝကိုယ်စားမပြုကြောင်းနိုင်ငံခြားရေးဝန်ကြီးဌာနကထပ်လောင်းဖော်ပြအပ်ပြီး၊သက်ဆိုင်ရာကုလသမဂ္ဂရုံးသို့ ကန့်ကွက်ကြောင်းမှတ်တမ်းတင်ပေးပို့ခဲ့သည်။

အလွတ်သဘောအစည်းအဝေးအတွင်းမိတ်ဆွေနိုင်ငံများ၏ အပြုသဘောဆောင်သောမိန့်ခွန်းများကိုအထူးကျေးဇူးတင်ရှိသည်။တစ်ဖက်တွင်လည်းမြန်မာနိုင်ငံအတွင်းအကြမ်းဖက်မှုများနှင့် မငြိမ်မသက်မှုများဖြစ်ပေါ်စေရန် လှုံ့ဆော်ရာရောက်သည့် နိုင်ငံရေးသွတ်သွင်းသည့် ပြောကြားချက်များကိုပြင်းထန်စွာကန့်ကွက်ပယ်ချသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

၂၀၂၂ခုနှစ်၊ ဇွန်လ ၁၇ ရက်။