ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံ/သံအမတ်ကြီး ဦးဇော်ထွန်းဦးသည် ကနေဒါလွှတ်တော်အမတ်များနှင့် Order of St. Joachim အဖွဲ့ဝင်များ ပါဝင်သော အလုပ်သဘောညစာစားပွဲအခမ်းအနားသို့ တက်ရောက်(၂၈-၅-၂၀၂၆၊ အော်တာဝါ)

ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံ/သံအမတ်ကြီး ဦးဇော်ထွန်းဦးသည် နိုင်ငံတကာဂုဏ်ထူးဆောင် ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသော St. Joachim အဖွဲ့အစည်းမှ အဖွဲ့ဝင် ဖြစ်သည့် ပါလီမန်အမတ်ဟောင်း The Honourable Bryon Wilfert P.C., ICD.D. ၏ ဖိတ်ကြားမှုအရ ၂၀၂၆ ခုနှစ်၊ မေလ ၂၈ ရက် (ကြာသပတေးနေ့)၊ ညနေ ၁၈:၀၀ နာရီတွင် ကနေဒါလွှတ်တော်အဆောက်အအုံ၌ ကျင်းပပြုလုပ်သော လွှတ်တော်လေ့လာရေးအစီအစဉ်နှင့် ည ၁၉:၀၀နာရီတွင် လွှတ်တော် ညစာစားပွဲခန်းမဆောင် (Private Room) ၌ ကျင်းပပြုလုပ်သော ကနေဒါလွှတ်တော်အမတ်များနှင့် Order of St. Joachim အဖွဲ့ဝင်များ ပါဝင်သည့် အလုပ်သဘော ညစာစားပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားသို့ Order of St. Joachim အဖွဲ့ဝင်များ၊ ကနေဒါလွှတ်တော်အမတ်များနှင့် သက်ဆိုင်ရာ အသိုင်းအဝိုင်းမှ ဧည့်သည်များ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ် တိုးတက်မှုအခြေအနေများ၊ ဒေသတွင်းနှင့် နိုင်ငံတကာဆက်ဆံရေးကဏ္ဍများနှင့် ယဉ်ကျေးမှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။ အခမ်းအနားအတွင်း သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးဇော်ထွန်းဦးက မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဦးစားပေးမူဝါဒများ၊ အစိုးရသစ်၏ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်း တာဝန်များနှင့် နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့ပြင် မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးက မြန်မာ့သနပ်ခါးနှင့် သင်္ကြန်ပွဲတော် အပါအဝင် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ၊ ရိုးရာဓလေ့များ၊ မြန်မာပြည်သူများ၏ ဖော်ရွေပျူငှာမှုများနှင့် မြန်မာနိုင်ငံ၏ soft diplomacy ဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုများကိုလည်း မိတ်ဆက်ပြောကြားခဲ့ပါသည်။ ယဉ်ကျေးမှု ဖလှယ်ရေးနှင့် ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေးသည် နိုင်ငံအချင်းချင်း နားလည်မှုနှင့် မိတ်ဖက်ဆက်ဆံရေး တိုးတက်စေရေးအတွက် အရေးကြီးကြောင်း ကိုလည်း ထည့်သွင်းပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲအတွင်း တက်ရောက် လာသူများက မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု၊ နိုင်ငံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ အပေါ် စိတ်ဝင်စားစွာ ဆွေးနွေးမေးမြန်းခဲ့ကြပြီး အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
Order of St. Joachim သည် ၁၇၅၅ ခုနှစ်ခန့်တွင် ရောမအင်ပါယာ၌ စတင်ဖွဲ့စည်းခဲ့သော သမိုင်းဝင်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အရည်အချင်းနှင့် ဂုဏ်သိက္ခာကို အခြေခံသည့် အဖွဲ့အစည်း အဖြစ် လူသိများကြောင်း သိရှိရပါသည်။