World Governments Summit 2026 သို့ မြန်မာသံအမတ်ကြီးပါဝင်တက်ရောက်

(၉-၂-၂၀၂၆ ရက်၊ အဘူဒါဘီ)

အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်ကျော်မင်းသည် ဒူဘိုင်းမြို့အခြေစိုက် The World Governments Summit Organization ၏ ဖိတ်ကြားချက်အရ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့၌ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်မှ ၅ ရက်အထိ ကျင်းပခဲ့သော ကမ္ဘာ့အစိုးရများ ထိပ်သီးညီလာခံ – ၂၀၂၆ (World Governments Summit 2026) သို့ ကမ္ဘာ့နိုင်ငံအသီးအသီးနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ အကြီးအကဲများနှင့် ခေါင်းဆောင်များ၊ ဝန်ကြီးများ၊ အဘူဒါဘီမြို့ အခြေစိုက် သံအမတ်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။

သံအမတ်ကြီးသည် အစည်းအဝေး တတိယမြောက်နေ့တွင် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ် H.E. Mr. Saleumxay Kommasith ၏ မိန့်ခွန်း ပြောကြားခြင်း အစီအစဉ်သို့ တက်ရောက်ခဲ့ကာ ပြောကြားမှုအပြီးတွင် ဒုတိယဝန်ကြီးချုပ် အား ရင်းနှီးခင်မင်စွာ တွေ့ဆုံ၍ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ အဆိုပါ World Governments Summit – 2026 ကို ကမ္ဘာ့နိုင်ငံအသီးသီးမှ အစိုးရဌာနဆိုင်ရာများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍ ခေါင်းဆောင်များအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးနှင့် အနာဂတ်စိန်ခေါ်မှုများအတွက် ဆန်းသစ် တီထွင်မှုရှိသော ဖြေရှင်းနည်းများ ဖော်ထုတ်သွားနိုင်ရေး စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ကာ ထိပ်သီးအစည်းအဝေးအပြင် ဘာသာရပ်ပိုင်းဆိုင်ရာ ဆက်စပ်ဖိုရမ်ပေါင်း (၁၅) ခု ကိုလည်း တစ်ပြိုင်တည်း ကျင်းပခဲ့ကြောင်း သိရှိရပါသည်။