(၂၃-၁၁-၂၀၂၆၊ ဆိုးလ်)
ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ရှိ COEX ပြပွဲခန်းမ၌ ၂၀၂၇ ခုနှစ်၊ ဧပြီလ ၂၈ ရက်မှ မေလ ၁ ရက်အထိ ကျင်းပသွားမည့် Coffee Expo Seoul 2027 တွင် မြန်မာနိုင်ငံကို တရားဝင်ဂုဏ်ထူးဆောင်ဧည့်သည်နိုင်ငံ (Official Guest Country of Honor) အဖြစ် ရွေးချယ်ကြောင်း ပြပွဲကျင်းပရေးအဖွဲ့က ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်တွင် မြန်မာသံရုံး၊ ဆိုးလ်မြို့သို့ တရားဝင်အကြောင်းကြားလာခဲ့ပါသည်။
Coffee Expo Seoul 2027 Secretariat ၏အကြောင်းကြားစာတွင် မြန်မာနိုင်ငံ၏ အဆိုပြုလွှာသည် မြန်မာ့ကော်ဖီယဉ်ကျေးမှုကို မြှင့်တင်ဖော်ထုတ်ရန်နှင့် ကိုရီးယားနိုင်ငံတွင် စီးပွားရေးမိတ်ဖက်ဆက်ဆံမှုအသစ်များ တည်ဆောက်ရန် ခိုင်မာသော ရည်မှန်းချက်နှင့် ကြိုးပမ်းအားထုတ်မှုများ ပါဝင်သည့်အတွက် ထူးခြားထင်ရှားခဲ့ကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံအား ယခုကဲ့သို့ ဂုဏ်ထူးဆောင်ဧည့်သည်နိုင်ငံအဖြစ် ရွေးချယ်နိုင်ခဲ့ခြင်းအပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်းနှင့် လာမည့် ၂၀၂၇ ခုနှစ်၊ ဧပြီလတွင် ကျင်းပမည့် ပြပွဲ၌ မြန်မာနိုင်ငံကို ကြိုဆိုလက်ခံရမည်ဖြစ်သည့်အတွက် ဝမ်းမြောက်မိကြောင်း စသည်ဖြင့်ဖော်ပြထားပါသည်။
မှတ်တမ်းများအရ Coffee Expo Seoul ပြပွဲများတွင် မြန်မာနိုင်ငံသည် ဂုဏ်ထူးဆောင်ဧည့်သည်နိုင်ငံအဖြစ် ပထမဆုံး ရွေးချယ်ခံရခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ စိတ်ပါဝင်စားမှုနှင့် ဆိုးလ်အခြေစိုက် မြန်မာသံရုံး၏ အပြည့်အဝပူးပေါင်းပါဝင်မှုတို့ကို ပြသနိုင်ခဲ့ကြောင်းသိရသည်။
Coffee Expo Seoul သည် ကော်ဖီလုပ်ငန်းနှင့် သက်ဆိုင်သည့် ထုတ်လုပ်သူများ၊ တင်သွင်းသူများ၊ ဖြန့်ဖြူးရောင်းချသူများနှင့် လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ တွေ့ဆုံချိတ်ဆက်နိုင်သည့် နိုင်ငံတကာကုန်သွယ်မှု ပြပွဲတစ်ခုဖြစ်သည်။ ယင်းပြပွဲနှင့်အတူ Korea International Bakery Fair (KIBA) 2027 ကိုလည်း ၂၀၂၇ ခုနှစ်၊ ဧပြီလ ၂၈ ရက်မှ မေလ ၁ ရက် အထိ ဆိုးလ်မြို့ရှိ COEX ပြပွဲခန်းမ၌ တစ်ပြိုင်နက် ကျင်းပသွားမည်ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ယခုကဲ့သို့ တရားဝင် ဂုဏ်ထူးဆောင်ဧည့်သည်နိုင်ငံအဖြစ် ရွေးချယ်ခံရခြင်းသည် မြန်မာ့ကော်ဖီ၏ အရည်အသွေးနှင့် ထုတ်လုပ်မှုအလားအလာများကို ကိုရီးယားဈေးကွက်နှင့် နိုင်ငံတကာဈေးကွက်သို့ ပိုမိုမိတ်ဆက်ဖော်ထုတ်နိုင်မည့် အခွင့်အလမ်းရရှိခဲ့ခြင်း ဖြစ်ပါသည်။
မြန်မာသံရုံး၊ ဆိုးလ်မြို့သည် မြန်မာ့ကော်ဖီအပါအဝင် မြန်မာ့ပို့ကုန်များ ကိုရီးယား ဈေးကွက်သို့ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေးအတွက် ကိုရီးယားနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များ အဖွဲ့ အစည်းများနှင့် ချိတ်ဆက်ညှိနှိုင်းပေးခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။



