(၂၇-၁၁-၂၀၂၆၊ နယူးဒေလီ)
အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအေးမင်းထွေးသည် အိန္ဒိယစီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာအဖွဲ့အစည်း (Indian Economic Trade Organization – IETO)၊ ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့ နှင့် ၂၅ ရက်နေ့ထိ အိန္ဒိယနိုင်ငံ၊ ကေရလာ ပြည်နယ်၊ Kochi မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ကေရလာကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးအစည်းအဝေးသို့ ဂုဏ်ထူးဆောင်ဧည့်သည်တော်အဖြစ် ပါဝင်တက်ရောက်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားတွင် တက်ရောက်မိန့်ခွန်းပြောခဲ့ပါသည်။
သံအမတ်ကြီး မိန့်ခွန်းပြောကြားရာတွင် မြန်မာနိုင်ငံနှင့် ကေရလာပြည်နယ်တို့သည် စီးပွားရေးဆိုင်ရာ အားသာချက်များကို အပြန်အလှန်ဖြည့်ဆည်းပေးနိုင်သည့် မိတ်ဖက်များဖြစ်ပါကြောင်း၊ ကေရလာပြည်နယ်၏ လူ့စွမ်းအားအရင်းအမြစ်၊ ပညာရေး၊ ကျန်းမာရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ အားသာချက်များကို မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက် ပထဝီဝင်တည်နေရာ၊ စိုက်ပျိုးရေး၊ ရေထွက်ကုန်၊ သဘာဝအရင်းအမြစ်၊ လူငယ်လုပ်သားအင်အားတို့နှင့် ပေါင်းစပ်အသုံးချခြင်းဖြင့် နှစ်နိုင်ငံအကျိုးတူပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်နိုင်မည် ဖြစ်ပါကြောင်း၊ ထို့ပြင် စိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ်လုပ်မှု၊ သတင်းအချက်အလက် နည်းပညာနှင့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှု၊ ကျန်းမာရေး၊ ပညာရေး၊ ခရီးသွားလုပ်ငန်းနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကိုလည်း အလေးထားဆွေးနွေးပြောကြားခဲ့ပါသည်။
အဆိုပါထိပ်သီးအစည်းအဝေးသို့ ကေရလာပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ နယူးဒေလီမြို့အခြေစိုက် သံရုံးများမှ သံရုံးအကြီးအကဲများနှင့် သံတမန်များ၊ အစိုးရအရာရှိများ၊ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။




