နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ အကြိမ် (၂၀) မြောက် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ၂၁-၁၁-၂၀၂၆ ရက် (စနေနေ့)၊ နံနက် (၁၀၀၀) နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် ဇနီး ဒေါ်မိမိမော်၊ ဒုတိယဝန်ကြီးနှင့် ဇနီး၊ သံအမတ်ကြီးများနှင့် ဇနီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။
ဦးစွာ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားအား နမောတဿ (၃) ကြိမ် ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ ပျဉ်းမနားမြို့ ကန်ဦးမဟာစည်သာသနာ့ရိပ်သာကျောင်းတိုက် ပဓာနနာယကဆရာတော် မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တနန္ဒမာလာနှင့် သံဃာတော်အရှင်သူ မြတ် (၄)ပါးတို့ထံမှ အခမ်းအနားတက်ရောက်လာသူများက ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပါသည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်တို့အား ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ဆက်လက်၍ သံဃာတော်အရှင်သူမြတ်များထံမှ ချီးမြှင့်သည့် ပရိတ်တရားတော်များနှင့် အနုမောဒနာတရားအား တက်ရောက်လာသူများက နာယူပွားများကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃) ကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ ယင်းနောက် ဆရာတော် ဘဒ္ဒန္တနန္ဒမာလာနှင့် သံဃာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြပြီး တက်ရောက်လာသည့် ဧည့်ပရိတ်သတ်များကို နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်






