လော့စ်အိန်ဂျယ်လိစ်မြို့ မြန်မာကောင်စစ်ဝန်ချုပ်က (၁၂) ကြိမ်မြောက် အာရှကမ္ဘာ့ရုပ်ရှင်ပွဲတော်ဖွင့်ပွဲ အခမ်းအနားနှင့် မြန်မာရုပ်ရှင်ပြပွဲသို့ ပါဝင်တက်ရောက်

(၁၆-၁၁-၂၀၂၆၊ လော့စ်အိန်ဂျယ်လိစ်)

လော့စ်အိန်ဂျယ်လိစ်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ဝင်းလဲ့ဖြူသည် ၁၂-၁၁-၂၀၂၆ ရက်၊ ၁၉:၀၀ နာရီတွင် ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျယ်လိစ်ကောင်တီ၊ ကဲလ်ဗာမြို့၊ Culver Theater ၌ ကျင်းပသည့် (၁၂) ကြိမ်မြောက် အာရှကမ္ဘာ့ရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ရုပ်ရှင်ပွဲတော်အား ပူးတွဲတည်ထောင်သူနှင့် အမှုဆောင်ဒါရိုက်တာများဖြစ်သည့် Asel Sherniyazova နှင့် Georges N. Chamchoum တို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့ပါသည်။ ထို့နောက် ဖွင့်ပွဲရုပ်ရှင်အဖြစ် ကာဇက်စတန်ရုပ်ရှင် “Kassandra” အား ပြသ၍ ဖွင့်လှစ်ခဲ့ပြီး ဧည့်ပရိသတ် ၁၅၀ ခန့် တက်ရောက်ခဲ့ကြပါသည်။

(၁၂) ကြိမ်မြောက် အာရှကမ္ဘာ့ရုပ်ရှင်ပွဲတော်ကို ၁၂-၁၁-၂၀၂၆ ရက်မှ ၁၉-၁၁-၂၀၂၆ ရက်အတွင်း ကျင်းပမည်ဖြစ်ပြီး မြန်မာ့ရုပ်ရှင် “ညမွှေးပန်းလေးရဲ့ကျောက်ပုဇွန်” သည် ၂၀၂၆ ခုနှစ်အတွက် ပြသရန် ရွေးချယ်ခံရသည့် ရုပ်ရှင် ၁၃ ကားတွင် ပါဝင်ခဲ့ပါသည်။ “ညမွှေးပန်းလေးရဲ့ကျောက်ပုဇွန်” ရုပ်ရှင်ပြပွဲကို ၁၄-၁၁-၂၀၂၆ ရက်၊ ၁၁:၃၀ နာရီတွင် ကဲလ်ဗာမြို့၊ Culver Theater ၌ ကျင်းပပြုလုပ်ခဲ့ပြီး လော့စ်အိန်ဂျယ်လိစ်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် မြန်မာအသိုင်းအဝိုင်းများမှ ယခုနှစ် (၁၂) ကြိမ်မြောက် အာရှကမ္ဘာ့ရုပ်ရှင်ပွဲတော်တွင် ပထမဆုံးအကြိမ်အဖြစ် ပါဝင်ရွေးချယ်ပြသခွင့်ရရှိခဲ့သည့် မြန်မာ့ရုပ်ရှင်အား သွားရောက်ကြည့်ရှု အားပေးခဲ့ကြပါသည်။