(၁၃-၁၁-၂၀၂၆၊ နေပြည်တော်)
Naypyitaw State Academy (NSA) မှ ကျောင်းသား၊ ကျောင်းသူများ၏ လုပ်ငန်းခွင် လက်တွေ့လေ့လာရေးအစီအစဉ် ပိတ်ပွဲအခမ်းအနားကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်ရှိ မြန်မာသံတမန်သင်တန်းကျောင်း၌ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါလုပ်ငန်းခွင်လက်တွေ့လေ့လာရေး အစီအစဉ်ကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနက စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှ နိုဝင်ဘာလ ၁၃ ရက်အထိ ဖွင့်လှစ်ခဲ့ရာ NSA နိုင်ငံတကာဆက်ဆံရေးပညာဌာနမှ ကျောင်းသား၊ ကျောင်းသူ (၂၆) ဦးနှင့် အင်္ဂလိပ်စာပညာဌာနမှ ကျောင်းသား (၁) ဦး စုစုပေါင်း (၂၇) ဦး လာရောက်လေ့လာသင်ယူခဲ့ပါသည်။
အဆိုပါလုပ်ငန်းခွင်လက်တွေ့လေ့လာရေး အစီအစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးရုံး နှင့် ဦးစီးဌာနအသီးသီးတို့က လုပ်ငန်းတာဝန်များအား ရှင်းလင်းပို့ချပေးခဲ့ပြီး NSA ကျောင်းသား၊ ကျောင်းသူများသည် လက်တွေ့ကွင်းဆင်းလေ့လာခြင်း၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် အခမ်းအနားများနှင့် အလုပ်ရုံဆွေးနွေးပွဲများတွင် ပါဝင်တက်ရောက်ခြင်း၊ အဖွဲ့လိုက်စာတမ်းများ ပြုစုရေးသားခြင်းနှင့် စာတမ်းဖတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
ပိတ်ပွဲအခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာန အသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ NSA မှ ပါမောက္ခချုပ်၊ နိုင်ငံတကာဆက်ဆံရေးပညာဌာနနှင့် အင်္ဂလိပ်စာဌာနမှ ပါမောက္ခ/ ဌာနမှူးများ တက်ရောက်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဦးဟောက်ခန့်ဆုမ်းက ပိတ်ပွဲအမှာစကားနှင့် ပါမောက္ခချုပ် ဒေါက်တာနုနုလွင်က ကျေးဇူးတင်စကားပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။



