(၁၃-၁၁-၂၀၂၆၊ ကူမင်း)
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ ယူနန်အဝေးသင်တက္ကသိုလ်၌ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်တွင် ကျင်းပပြုလုပ်သည့် 2026 The Heart-to-Heart Connection Program Brand Event for International Education Exchange: China-South and Southeast Asia Skills Cultivation and Cultural Exchange Event အခမ်းအနားသို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့မှ ကောင်စစ်ဝန်ချုပ် ဦးဇေယျာမျိုးမြင့် တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ယူနန်ပြည်နယ် စီးပွားရေးဌာန၊ ပညာရေးဌာနနှင့် ယူနန်အဝေးသင် တက္ကသိုလ်တို့မှ တာဝန်ရှိသူများ၊ ကူမင်းမြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များနှင့် သံတမန်များ၊ မော်လ်ဒိုက်နိုင်ငံမှ ကိုယ်စားလှယ်များနှင့် တရုတ်နိုင်ငံ၊ တောင်အာရှ နှင့် အရှေ့တောင်အာရှနိုင်ငံများမှ ပညာရေးဆိုင်ရာ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပညာရေးနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေး၊ နိုင်ငံတကာပညာရေးဖလှယ်မှုနှင့် ယဉ်ကျေးမှုဆိုင်ရာ အပြန်အလှန်နားလည်မှု တိုးမြှင့်နိုင်ရေးတို့ကို အဓိကထား ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။
ထို့အပြင် အခမ်းအနား၏ ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်တွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့က မြန်မာ့ယဉ်ကျေးမှုနှင့် ရိုးရာအမွေအနှစ်များကို မိတ်ဆက်ပြသရန် မြန်မာပြခန်းတစ်ခု ဖွင့်လှစ်ခင်းကျင်းပြသခဲ့ရာ မြန်မာ့ရိုးရာသနပ်ခါး၊ ရိုးရာလက်မှုပညာပစ္စည်းများ၊ တိုင်းရင်း သားရိုးရာဝတ်စုံများနှင့် မြန်မာ့ယဉ်ကျေးမှုကိုဖော်ညွှန်းသည့် ပစ္စည်းများကို ခင်းကျင်းပြသခဲ့ပြီး မြန်မာ့ရိုးရာအစားအစာများဖြစ်သည့် မုန့်ဟင်းခါး၊ လက်ဖက်သုပ်နှင့် မြန်မာ့လက်ဖက်ရည်တို့ဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။





