(၁၂-၁၁-၂၀၂၆၊ မင့်စ်)
ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမောင်မောင်စိုးသည် ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့ရှိ Palace of Veterans ၌ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်၊ ၁၉:၀၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည့် ဘယ်လာရုစ်နိုင်ငံ၊ Heart Melodies တေးဂီတအဖွဲ့၏ “Myanmar is a Sweetheart Country” အမည်ရှိ တေးဂီတဖျော်ဖြေပွဲအခမ်းအနားသို့ အထူးဧည့်သည်တော်အဖြစ် တက်ရောက်ချီးမြှင့်ခဲ့ပါသည်။
အဆိုပါ ဂီတဖျော်ဖြေပွဲကို မကြာမီက ကျရောက်ခဲ့သော မြန်မာတို့၏ ရိုးရာအစဉ်အလာ သီတင်းကျွတ်မီးထွန်းပွဲတော် အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရန်နှင့် အပြန်အလှန် ယဉ်ကျေးမှုဖလှယ်ရေး ပိုမိုတိုးတက်စေရန်တို့ကို ရည်ရွယ်၍လည်းကောင်း ကျင်းပခဲ့ခြင်းဖြစ်ကာ ဘယ်လာရုစ်ဂီတပညာရှင် Mr. Vladimir Sukolinsky နှင့် “Heart Melodies” ဂီတအဖွဲ့တို့က မြန်မာနိုင်ငံ၏ လှပသော သဘာဝအလှတရားများနှင့် ယဉ်ကျေးမှုများကို ဂုဏ်ပြုစပ်ဆိုထားသည့် ကိုယ်ပိုင်ဖန်တီးမှု တေးသီချင်းများကို ဖျော်ဖြေမှုအဖွဲ့များနှင့်အတူ သီဆိုကပြဖျော်ဖြေခဲ့ပါသည်။
အဆိုပါဂီတဖျော်ဖြေပွဲ အခမ်းအနားသို့ မြန်မာသံအမတ်ကြီးနှင့်အတူ သံရုံးမိသားစုဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဘယ်လာရုစ်ပြည်သူများ ပါဝင်တက်ရောက် အားပေးကြည့်ရှုခဲ့ပါသည်။



