(၁၀-၁၁-၂၀၂၆၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်က ရန်ကုန်မြို့ရှိ ဂျာမနီသံရုံး ယာယီတာဝန်ခံ မစ္စတာ မာသီးရက်စ် လေရှာ့စ် အား ၁၀-၁၁-၂၀၂၆ ရက်တွင် နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ ခေါ်ယူတွေ့ဆုံ၍ ဂျာမနီသံရုံး၏ လူမှုကွန်ရက်စာမျက်နှာ၌ ၈-၁၁-၂၀၂၆ ရက်တွင် ထုတ်ပြန်ခဲ့သော သံရုံးယာယီတာဝန်ခံ၏ ဗီဒီယိုနှင့်ပတ်သက်၍ ခေါ်ယူသတိပေးပြောကြားခဲ့ပြီး သတိထောက်လွှာ ပေးအပ်ခဲ့ပါသည်။
ထိုသို့ခေါ်ယူတွေ့ဆုံရာတွင် ဒုတိယဝန်ကြီးက ဂျာမနီနိုင်ငံသည် ခိုင်မာသည့် ဒီမိုကရေစီ စနစ်ရှိသဖြင့် သံရုံးယာယီတာဝန်ခံအနေဖြင့် နိုင်ငံကြီးသားပီသစွာဖြင့် သံတမန်လုပ်ငန်းများကို လုပ်ဆောင်မည်ဟု မျှော်လင့်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ဒီမိုကရေစီနည်းလမ်းဖြင့် ပြည်သူက ရွေးကောက်တင်မြှောက်ထားသည့်အစိုးရ တာဝန်ယူနေပြီဖြစ်ကြောင်း၊ သံရုံးယာယီ တာဝန်ခံ၏ပြောကြားချက်သည် အိမ်ရှင်နိုင်ငံ၏ နိုင်ငံတော်အကြီးအကဲကို တိုက်ရိုက်စော်ကားရာ ရောက်သည့်အပြင် ရွေးကောက်ပွဲ၌မဲပေးခဲ့ကြသည့် မြန်မာပြည်သူ ၁၃.၁၃ သန်းကျော်ကို မထီမဲ့မြင် ပြုရာရောက်ကြောင်း၊ သံရုံးယာယီတာဝန်ခံအနေဖြင့် ဗီဒီယိုရိုက်ကူးသည့်နေရာရွေးချယ်မှု အပါ အဝင် ရည်ရွယ်ချက်ရှိရှိဖြင့် ပြုမူပြောဆိုဆောင်ရွက်မှုများသည် အိမ်ရှင်နိုင်ငံနှင့် နိုင်ငံတော်အစိုးရ အပေါ်အတိုက်အခံပြုရန် အားပေးအားမြှောက် ပြုလုပ်နေသည့်အသွင်တွေ့ရပြီး ပြည်တွင်းမငြိမ် သက်မှုဖြစ်ပေါ်စေရန်နှင့် နိုင်ငံတော်အစိုးရအား အကြည်ညိုပျက်စေရန် အားပေးလှုံ့ဆော်ရာရောက် နေကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် “တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေး” နှင့် “နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှုရရှိရေး” အတွက် ဦးစားပေးဆောင်ရွက်နေချိန်တွင် အဆိုပါလုပ်ရပ်သည် နိုင်ငံတော် တည်ငြိမ်ရေးကို မလိုလားသည့် အပြုအမူဖြစ်ကြောင်းကို တွေ့ရှိရပါကြောင်း၊ ထို့အပြင် မြန်မာ နိုင်ငံ၏ ပြည်တွင်းတရားစီရင်ပိုင်ခွင့်ကို ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်ဝေဖန် နေခြင်းဖြစ်သဖြင့် လုံးဝလက်မခံနိုင်ဖွယ်ဖြစ်ကြောင်း၊ ယင်းလုပ်ရပ်ကို ပြည်သူများကလည်း လုံးဝ နှစ်မြို့ခြင်းမရှိဘဲ ဆိုရှယ်မီဒီယာတွင် သံရုံးယာယီတာဝန်ခံအား ဝေဖန်ပြောကြားနေကြပြီဖြစ် ကြောင်း၊ ၁၉၆၁ ခုနှစ်၊ သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာ ကွန်ဗင်းရှင်း အပိုဒ် ၄၁(၁)အရ စေလွှတ်သည့်နိုင်ငံ၏ သံတမန်များသည် လက်ခံသည့်နိုင်ငံ၏ တရားဥပဒေများနှင့် စည်းမျဉ်း ဥပဒေများကို လေးစားရန်နှင့် ထိုနိုင်ငံ၏ ပြည်တွင်းရေးရာကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက် ခြင်းမပြုရန်တာဝန်ရှိကြောင်း၊ သံရုံးယာယီတာဝန်ခံအနေဖြင့် ဦးဝင်းမြင့်အား နိုင်ငံတော်သမ္မတ အဖြစ်သဘောထားကာ လက်ရှိအစိုးရနှင့် လက်တွဲဆောင်ရွက်လိုခြင်းမရှိ၍ မြန်မာနိုင်ငံ၌ ဆက်လက်တာဝန်ထမ်းဆောင်ခြင်း မပြုလိုပါကလည်း မိမိတို့အနေဖြင့် တားမြစ်မည်မဟုတ် ကြောင်း၊ မြန်မာနိုင်ငံသည် ဂျာမနီနိုင်ငံနှင့် ဆက်ဆံရေးကို အလေးထား သော်လည်း အပြန်အလှန် လေးစားမှု၊ အချုပ်အခြာအာဏာညီမျှမှုနှင့် ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှုမပြုရေးတို့ သည် သံတမန်ဆက်ဆံရေး၏ မရှိမဖြစ်လိုအပ်သောအခြေခံမူများဖြစ်ပြီး အတိအကျလိုက်နာ စောင့်ထိန်းကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သည့် ဂျာမနီ သံရုံးယာယီတာဝန်ခံ၏လုပ်ရပ်သည် သံတမန်ရာထူးနှင့်အညီ ထိန်းသိမ်းစောင့်စည်းမှုနှင့် သတိပြု ဆင်ခြင်မှုတို့ကိုလိုက်နာမှုမရှိဟု မှတ်ယူကြောင်းနှင့် ယင်းကိုကန့်ကွက်ရှုတ်ချကြောင်း၊ သံရုံး ယာယီတာဝန်ခံ၏ပြောကြားချက်၊ ပြောကြားသည့်နေရာကိုရွေးချယ်မှုနှင့် ဆိုရှယ်မီဒီယာမှ တစ်ဆင့် အများပြည်သူသို့ ဖြန့်ဝေမှုတို့သည် ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာန၏ခွင့်ပြုချက် သို့မဟုတ် ၎င်း၏ကိုယ်ပိုင်သဘောဆန္ဒဖြင့် ဆောင်ရွက်သည်ဆိုသည်ကို တရားဝင်ဖြေရှင်း ချက်ပေးရန် တောင်းဆိုကြောင်း၊ အလားတူလုပ်ရပ်မျိုး ထပ်မံလုပ်ဆောင်ခြင်းမပြုရန် ပြင်းထန်စွာ သတိပေးကြောင်းနှင့် လုပ်ဆောင်မည်ဆိုပါက အိမ်ရှင်နိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် သံတမန်ရေးရာအစဉ်အလာများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

**************

