မြန်မာသံရုံး၊ တိုကျိုမြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး (၃၃၁) ကြိမ်မြောက် အာဆီယံကော်မတီ (တိုကျို) အစည်းအဝေးသို့ တက်ရောက်ခဲ့ခြင်း

(၇-၁၀-၂၀၂၆၊ တိုကျို)

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ အာဆီယံသံရုံးများဖြင့် ဖွဲ့စည်းထားသည့် အာဆီယံကော်မတီ (တိုကျို) (ASEAN Committee in Tokyo-ACT) ၏ (၃၃၁) ကြိမ်မြောက်အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်၊ နံနက်ပိုင်းတွင် တိုကျိုမြို့ရှိ စင်ကာပူသံရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးကျော်ထွန်းနှင့်အတူ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ ကိုယ်စားလှယ်များ၊ ဘာသာရပ်ဆိုင်ရာ တာဝန်ခံများ ပါဝင်တက်ရောက်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် ဂျပန်နိုင်ငံ၏ ပြည်တွင်းဖြစ်ပေါ်တိုးတက်မှုများ၊ ဒေသတွင်းဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ တစ်နှစ်တာအတွင်း အာဆီယံကော်မတီ (တိုကျို) မှ ဦးဆောင်ကျင်းပမည့် အစီအစဉ်များနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် အစည်းအဝေးနှင့် တစ်ဆက်စပ်တည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှနှင့် အနောက်တောင်အာရှရေးရာဌာနမှ ညွှန်ကြားရေးမှူးချုပ် Ms. Okano Yukiko က ဂျပန်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒနှင့် မွမ်းမံပြင်ဆင်ထားသော လွတ်လပ်ပြီး ပွင့်လင်းသော အင်ဒို-ပစိဖိတ် (Free and Open Indo-Pacific – FOIP) မူဝါဒ၏ အဓိကအချက်များနှင့် ဦးစားပေးနယ်ပယ်များနှင့်စပ်လျဉ်းသည့် ရှင်းလင်းဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် အာဆီယံသံမတ်ကြီးများမှ အာဆီယံနှင့် ဂျပန်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါသည်။