“မိုခါ” ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် မြန်မာသံရုံး၊ ပေကျင်းမြို့မှ တစ်တပ်တစ်အား ပါဝင်လှူဒါန်း (၆-၆-၂၀၂၃ ရက်)

(၆-၆-၂၀၂၃ ရက်၊ ပေကျင်း)

၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်တွင် မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့သည့် “မိုခါ”ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြန်မာသံရုံး၊ ပေကျင်းမြို့အနေဖြင့် တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အခြားပြည်နယ်အစိုးရများနှင့် မြန်မာနိုင်ငံနှင့် တွဲဖက်၍ စီမံကိန်းများ ဆောင်ရွက်နေသည့် တရုတ်လုပ်ငန်းရှင်/ကုမ္ပဏီများသို့ လည်းကောင်း၊ ပေကျင်းမြို့ရှိ တရုတ်ဗုဒ္ဓဘာသာအသင်း တို့သို့ လည်းကောင်း တရားဝင်စာများ ပေးပို့ကာ အလှူငွေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရေးအတွက် မေတ္တာရပ်ခံအကြောင်းကြားခဲ့ပါသည်။

ထိုသို့ မေတ္တာရပ်ခံခဲ့သည့်အတွက် “မိုခါ”မုန်တိုင်းဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် တရုတ်နိုင်ငံ၊ အစိုးရနှင့် စီးပွားရေးလုပ်ငန်းရှင်များ/ အဖွဲ့အစည်းများမှ မြန်မာသံရုံး၊ ပေကျင်းမြို့သို့ လည်းကောင်း၊ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနများသို့ လည်းကောင်း ပေးပို့လှူဒါန်းလျက်ရှိပါသည်။

ထို့အပြင် “မိုခါ” မုန်တိုင်းဒဏ်သင့် ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်နှင့် လေဘေးဒဏ်သင့်ပြည်သူများ၏ စားဝတ်နေရေးအား အထိုက်အလျောက် အထောက်အပံ့ဖြစ်စေရန်အတွက် မြန်မာသံရုံး၊ ပေကျင်းမြို့၊ သံအမတ်ကြီး ဦးတင်မောင်ဆွေနှင့် သံရုံးဝန်ထမ်းများမှ မြန်မာကျပ်ငွေ သိန်း (၂၀) အား စုပေါင်းထည့်ဝင် လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။