


(၂၇-၇-၂၀၂၂ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး သည် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့၌ ပေကျင်းမြို့တွင် ပြုလုပ်ခဲ့သည့် တောင်တရုတ်ပင်လယ်တွင်း နိုင်ငံများလိုက်နာရမည့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ကြေညာစာတမ်း နှစ် (၂၀) ပြည့်အထိမ်းအမှတ် အလုပ်ရုံဆွေးနွေးပွဲသို့ ဗီဒီယိုကွန်ဖရင့်စ်မှတစ်ဆင့် တက်ရောက်ခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နယ်နိမိတ်နှင့် သမုဒ္ဒရာရေးရာဌာန၊ ဝူဟန်တက္ကသိုလ် တရုတ်နယ်နိမိတ်နှင့် သမုဒ္ဒရာလေ့လာရေးဌာနနှင့် တောင်တရုတ်ပင်လယ်လေ့လာရေး အမျိုးသားတက္ကသိုလ်တို့မှ ကြီးမှူး၍ ပူးတွဲကျင်းပခဲ့ခြင်းဖြစ်ပါသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် အမြဲတမ်းအတွင်းဝန်က အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာ ဟော်နမ်ဟုန်နှင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆိုင်ဖူဒင်အဗ္ဗဒူလာ တို့မှလည်း အဖွင့်မိန့်ခွန်းများ ပြောကြားခဲ့ကြပါသည်။
အဖွင့်မိန့်ခွန်းပြောကြားရာတွင် အမြဲတမ်းအတွင်းဝန်က အလုပ်ရုံဆွေးနွေးပွဲ စီစဉ်သူများအား ကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့ပြီး ဒေသတွင်း အေးချမ်းတည်ငြိမ်မှုနှင့် အပြန်အလှန်ယုံကြည်မှုကို မြှင့်တင်ရာတွင် လွန်ခဲ့သည့် နှစ် (၂၀) အတွင်း တောင်တရုတ်ပင်လယ်တွင်းနိုင်ငံများ လိုက်နာရမည့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ကြေညာစာတမ်း (DOC) အပြည့်အဝ ထိရောက်စွာ အကောင်အထည်ဖော်မှု နှင့် တောင်တရုတ်ပင်လယ်ဆိုင်ရာ ကျင့်ထုံးအား ဆောလျင်စွာ အပြီးသတ်ရေးအတွက် ထိရောက်သည့် ဆွေးနွေးမှုများ၏ ထင်ရှားသည့် အောင်မြင်မှုရလဒ်များကို ဆွေးနွေးခဲ့ပါသည်။ ထို့နောက် အမြဲတမ်းအတွင်းဝန်က DOC အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်နှင့် လမ်းညွှန်ချက်မူဘောင်နှင့်အညီ တောင်တရုတ်ပင်လယ်တွင် အပြန်အလှန်ယုံကြည်မှုကို မြှင့်တင်ရာတွင် အထောက်အကူဖြစ်စေမည့် ဘုံစိတ်ဝင်စားမှုရှိသည့် လက်တွေ့ကျသည့် ပင်လယ်ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များကို ရှာဖွေဆွေးနွေးသွားရန် တက်ရောက်လာသူများအား တိုက်တွန်းခဲ့ပါသည်။ ထို့ပြင် တောင်တရုတ်ပင်လယ်ဆိုင်ရာ ကျင့်ထုံးတစ်ရပ်အား အတည်ပြုနိုင်ရေး ဆက်လက်ဆောင်ရွက်ရာတွင် စေ့စပ်ညှိနှိုင်းဆွေးနွေးမှု၏ တိုးတက်မှုအရှိန်အဟုန်များကို ဆက်လက်ထိန်းသိမ်းသွားရန်နှင့် အပြုသဘောဆောင်သည့် စေ့စပ်ညှိနှိုင်းမှုကို ဆက်လက်ဆောင်ရွက်ရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲကို DOC လက်မှတ်ရေးထိုးခြင်း၏ သမိုင်းဝင်ဖြစ်စဉ်များကို ပြန်လည်ဆွေးနွေးသုံးသပ်ခြင်း၊ DOC အကောင်အထည်ဖော်ခြင်း၏ အောင်မြင်မှုများနှင့် အလားအလာများနှင့် တောင်တရုတ်ပင်လယ်ဆိုင်ရာကျင့်ထုံး (COC) ဆွေးနွေးမှု၏ တိုးတက်မှုများနှင့် ဆက်လက်ဆောင်ရွက်ရန်နည်းလမ်းများဟူ၍ အပိုင်း (၃) ပိုင်း ခွဲ၍ ပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲများတွင် တက်ရောက်လာကြသူများက အဆိုပါသမိုင်းမှတ်တိုင်ဖြစ်သည့် DOC ကို ရရှိရန် ကြုံတွေ့ခဲ့ရသည့် စိန်ခေါ်မှုများနှင့် အတွေ့အကြုံများကို မျှဝေခဲ့ကြပြီး DOC လက်မှတ်ရေးထိုးခြင်း၏ သမိုင်းဝင်ဖြစ်စဉ်များကို ပြန်လည်ဆွေးနွေးသုံးသပ်ခဲ့ကြပါသည်။ ထို့နောက် DOC အကောင်အထည်ဖော်ခြင်းနှင့် COC ဆွေးနွေးခြင်း၏ တိုးတက်အောင်မြင်မှုများကို ပြန်လည်သုံးသပ်ခဲ့ကြပြီး COC ဆောလျင်စွာ အပြီးသတ်ရေးအတွက် ဆက်လက်ဆောင်ရွက်ရန် နည်းလမ်းများကို ဆွေးနွေးခဲ့ကြပါသည်။
အာဆီယံရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမန်ဟောက်ထန်က COC ညှိနှိုင်းဆွေးနွေးခြင်းဆိုင်ရာ ဆွေးနွေးပွဲအပိုင်း (၃) ၌ ပါဝင်ဆွေးနွေးခဲ့ပြီး နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေမည့်ရလဒ်ကို ဦးတည်စေသည့် COC ညှိနှိုင်းဆွေးနွေးမှုလုပ်ငန်းစဉ် ဆောင်ရွက်ရာတွင် ၎င်း၏အမြင်များကို မျှဝေခဲ့ပြီး DOC အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေးများ၏ ပူးတွဲဥက္ကဋ္ဌအနေဖြင့် ဒေသတွင်း အေးချမ်းတည်ငြိမ်ရေးကို ထိန်းသိမ်းရာတွင် အထောက်အကူပြုစေမည့် ထိရောက်၍ အနှစ်သာရပြည့်ဝသည့် တောင်တရုတ်ပင်လယ်ဆိုင်ရာကျင့်ထုံး (COC) ဆောလျင်စွာ အပြီးသတ်ရန် ယခုနှစ်အတွင်း DOC ဆိုင်ရာ အာဆီယံ-တရုတ် ပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေးများကို အကြိမ်ရေတိုးမြှင့် ကျင်းပသွားမည်ဖြစ်ကြောင်း ကတိပြုခဲ့ကြောင်း သိရှိရပါသည်။

