၁။ လူမှုကွန်ယက်စာမျက်နှာ Facebook တွင် မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့နှင့် ပတ်သက်မှု ရှိနေသည်ဟုဆိုကာ “မလေးရှားသံရုံးတာဝန်ခံ ကိုမြင့်အောင်”၊ “ကိုမင်းမင်းစိုး မလေးရှား”၊ “ရာမညမြေမှ မလေးရှား အထွေထွေအကျိုးဆောင်” နှင့် “Myanmar Embassy ih kuala Lumpur MalaySia” ဟု အမည်ပေးထားသည့် အကောင့်ပိုင်ရှင်များမှ မြန်မာ နိုင်ငံကူးလက်မှတ်နှင့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်များကို ဝန်ဆောင်မှု ပေးနေပါကြောင်း ၎င်းတို့၏ လူမှုကွန်ယက်အကောင့်များတွင် ကြေညာထားသည်ကို တွေ့ရှိရပါသည်။ ထို့ပြင် မြန်မာသံရုံးမှဝန်ထမ်းဟု လိမ်လည်ကာ မြန်မာအလုပ်သမားများ ရှိရာ စက်ရုံများသို့ သွားရောက်ဝန်ဆောင်မှုပေးခြင်း၊ မြန်မာသံရုံးပြင်ပတွင် သံရုံးဝန်ထမ်းဟု ပြောဆိုကာ Ko Latt ဆိုသူမှ မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးခြင်း၊ အသစ် ပြုလုပ်ခြင်းများ ဆောင်ရွက်ပေးမည်ဟုဆိုကာ စည်းရုံးခြင်း၊ လိမ်လည်လှည့်ဖျားခြင်းစသည့် မသမာမှုများ ပြုလုပ်လျက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။
၂။ ၎င်းတို့သည် မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့နှင့် လုံးဝ (လုံးဝ) သက်ဆိုင်ခြင်းမရှိ ပါကြောင်းနှင့် ၎င်းတို့နှင့်ပတ်သက်သည့် ကိစ္စအဝဝအား မြန်မာသံရုံးမှ တာဝန်ယူဖြေရှင်း ပေးမည် မဟုတ် (မဟုတ်) ပါကြောင်း အသိပေးကြေညာအပ်ပါသည်။ နောင်တွင် ယင်းကဲ့သို့ မလေးရှားရောက် မြန်မာနိုင်ငံသားများအား လိမ်လည်လှည့်ဖျားနေသည့် ပုဂ္ဂိုလ်များ၊ လူမှုကွန်ယက် အကောင့်ပိုင်ရှင်များ၊ ၎င်းတို့နှင့် ဆက်သွယ်ဆောင်ရွက်နေသူများကို စုံစမ်းသိရှိရပါက ၎င်းတို့ကို အမည်မည်းစာရင်းရေးသွင်းခြင်း၊ မြန်မာနိုင်ငံကူးလက်မှတ် ဖျက်သိမ်းခြင်းနှင့် အမှုဖွင့် အရေးယူခြင်းစသည့် ထိရောက်စွာ စုံစမ်းအရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်

