(၁၈-၃-၂၀၂၁ ရက်၊ တိုကျို)
အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ (COVID-19) တားဆီးကာကွယ်ရေး အစီအမံများကြောင့် ဂျပန်နိုင်ငံတွင် အခက်အခဲများ ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံသားများနှင့် မိသားစုများအတွက် (၂၄) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် (Relief Flight) အား မြန်မာသံရုံး၊ တိုကျိုမြို့သည် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ဆက်သွယ်ညှိနှိုင်း စီစဉ်ပေးခဲ့ရာ အဆိုပါလေယာဉ် ပျံသန်းအမှတ်၊ NH 1943သည် (၁၈-၃-၂၀၂၁) ရက် (ကြာသပတေးနေ့) ၂၃၀၀ နာရီတွင် တိုကျိုမြို့၊ တိုကျို(နာရီတာ)-အိုကီနာဝါ(နာဟ) လေဆိပ်မှတစ်ဆင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ချောမောစွာ ထွက်ခွာသွားခဲ့ပါသည်။
(၂၄) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်တွင် ဂျပန်နိုင်ငံသို့ ကာလတိုဗီဇာဖြင့် အလည်အပတ် လာရောက်ခဲ့ပြီး၊ မြန်မာနိုင်ငံသို့ အချိန်မီ ပြန်လည်မထွက်ခွာနိုင်သူများ၊ ပညာတော်သင်များ၊ အလုပ်အကိုင် အခက်အခဲရှိသူများ၊ အလုပ်သင် သင်တန်းပြီးဆုံးသူများ၊ မှီခိုသူမိသားစုဝင်များနှင့် ဂျပန်နိုင်ငံဆိပ်ကမ်းများတွင် စောင့်ဆိုင်းနေသည့် သင်္ဘောသားများ စုစုပေါင်း (၇၆) ဦး လိုက်ပါသွားခဲ့ကြပါသည်။
ထို့ပြင် မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများနှင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ဂျပန်နိုင်ငံမှပညာရှင်/ ကျွမ်းကျင်သူဝန်ထမ်းများ စုစုပေါင်း (၁၄) ဦးတို့ လည်း လိုက်ပါသွားကြပါသည်။
(၂၄) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသားများနှင့် မိသားစုများ အဆင်ပြေစွာထွက်ခွာနိုင်ရေးအတွက် မြန်မာသံရုံးမှ တာဝန်ရှိသူများ၊ All Nippon Airways မှ ဝန်ထမ်းများနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းများမှ လိုအပ်သည့် ပံ့ပိုးကူညီမှုများ စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။



