ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ပါတီစုံအထွေထွေ ရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြီးကြပ်မှုဖြင့် ကျင်းပခဲ့သည်။ အဆိုပါရွေးကောက်ပွဲ ကျင်းပဆောင်ရွက်မှု လုပ်ငန်းစဉ်များတွင် မမှန်ကန်မှုများ ဖြစ်ပေါ်ခဲ့ကြောင်းသိရှိရသည်။
၂၀၂၀ ပြည့်နှစ်တွင် ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တရားဝင်ထုတ်ပြန်သည့် မဲစာရင်းအပေါ် စိစစ်ချက် များအရ မဲမသမာမှုစုစုပေါင်းမှာ မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း၏ (၄) ပုံ (၁) ပုံ ကျော် (၂၅ ရာခိုင်နှုန်း) ပမာဏရှိသည့် မဲအရေအတွက် (၁၀.၄) သန်းကျော်မှာ မဲမသမာမှုဖြစ်နေကြောင်း စိစစ်တွေ့ရှိရသည်။ သို့ဖြစ်ရာ တပ်မတော်အနေဖြင့် စာရင်းဇယားများ တရားဝင်ထုတ်ပြန် ခြင်း အကြိမ် (၃၀)၊ တပ်မတော်၏ သဘောထားထုတ်ပြန်ခြင်းများအား ရွေးကောက်ပွဲမတိုင်မီ (၂) ကြိမ်နှင့် ရွေးကောက်ပွဲအပြီး (၄) ကြိမ် ထုတ်ပြန်ခဲ့သည်။ ရွေးကောက်ပွဲတွင် မမှန်ကန်မှုများအတွက် နိုင်ငံရေးပါတီပေါင်း (၂၀) မှ ကြေညာချက် (၂၆) စောင်ကို ထုတ်ပြန်ခဲ့ပြီး၊ ရွေးကောက်ပွဲဆိုင်ရာ မဲမသမာမှုများရှိသည့် မဲစာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ရှင်းလင်းပြီးစီးမှု မရှိမချင်း တတိယအကြိမ်လွှတ်တော်ကို ဆိုင်းငံ့ထားရန် တောင်းဆိုခဲ့သည်။ သို့ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ယင်းတောင်းဆိုချက်ကို ရှင်းလင်းအရေးယူ ဆောင်ရွက်ပေးရန် ပျက်ကွက်ခဲ့ခြင်းကြောင့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၀ ရက်မှ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်ထိ မြို့နယ် (၉၉) မြို့နယ်၌ ဆန္ဒထုတ်ဖေါ်မှု (၁၂၄) ကြိမ် ဖြစ်ပွားခဲ့သည်။
ထို့ပြင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်တွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ် (၂၀၃) ဦးတို့က ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး ခေါ်ယူရန် တင်ပြချက်အား ငြင်းဆန်ခဲ့သည်။ ယုံကြည်ရသည့် ရွေးကောက်ပွဲရလဒ်ဖြစ်ကြောင်း ထုတ်ဖေါ်ပြသနိုင်မည်ဆိုပါက ပြည်သူ့ဆန္ဒအစစ်အမှန်ကို ထင်ဟပ်မည်ဖြစ်၍ တပ်မတော်နှင့် အခြားသော နိုင်ငံရေးပါတီများအနေဖြင့် ပြည်သူ့ဆန္ဒနှင့်အညီ လက်ခံသွားမည်ဖြစ်၍ ပြည်ထောင်စု လွှတ်တော် (သို့မဟုတ်) နိုင်ငံတော်အစိုးရ (သို့မဟုတ်) ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တို့အနေဖြင့် မဲရလဒ်များ မမှန်ကန်ခြင်းကို နည်းလမ်းရှာ ဖြေရှင်းပေးရန် တောင်းဆိုခဲ့သည်။ တပ်မတော်အနေဖြင့် သမ္မတဦးဆောင်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးအား ခေါ်ယူပေးရန် တောင်းဆိုခဲ့သည်။ တပ်မတော်အနေဖြင့် အထက်ဖော်ပြပါအတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်၊ အထူးသဖြင့် အခန်း (၁)၊ ပုဒ်မ ၄၊ ပုဒ်မ ၆ နှင့် ၇ တို့အပါအဝင် တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄ တွင် “နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှဆင်းသက်ပြီး၊ နိုင်ငံတစ်ဝန်းလုံး၌တည်စေရန်” ဟုလည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အခြေခံမူ (၆) ချက်အနက် ပုဒ်မ ၆ (ဃ) တွင် “စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီထွန်းကားရေး” ဟုလည်းကောင်း၊ ပုဒ်မ ၆ (စ) အရ “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစ်စိုက်ဦးတည်သည်” ဟုလည်းကောင်း၊ ထို့ပြင် ပုဒ်မ ၇ တွင် “နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်” ဟုလည်းကောင်း ပြဋ္ဌာန်းသည်ကို လိုက်နာဆောင်ရွက်လျက်ရှိသည်။
မဲစာရင်းပြဿနာများ၊ မဲလိမ်မှုများကို ဖြေရှင်းရန် အကြိမ်ကြိမ် တောင်းဆိုမှုများကို ငြင်းပယ်ခြင်း၊ လွှတ်တော်အစည်းအဝေးများအား ရွှေ့ဆိုင်းပေးရန် တောင်းဆိုမှုများကို အရေးယူ ဆောင်ရွက်မှု မရှိခြင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်၊ ပုဒ်မ ၄၁၇ ပါ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို အဓမ္မနည်းဖြင့် ရယူရန် ဆောင်ရွက်ခြင်းဖြစ်ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ပျက်ပြားစေနိုင်သည်။ သို့ပါ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်၊ ပုဒ်မ ၄၁၇ အရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည့် ဥပဒေကဲ့သို့အာဏာတည်သော အမိန့်အမှတ် (၁/၂၀၂၁) ကို ထုတ်ပြန်သည့်နေ့မှစ၍ တစ်နှစ်ကာလ နိုင်ငံတစ်ဝန်းလုံး အကျိုးသက်ရောက်သည့် အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်၊ ပုဒ်မ ၄၁၈ ပုဒ်မခွဲ (က) နှင့်အညီ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာတို့အား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံသို့ လွှဲအပ်ခဲ့သည်။
ဒီမိုကရေစီထွန်းကားသည့် နိုင်ငံကြီးများ၌ပင် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ ရှိပါက ယင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကိုင်တွယ်ဖြေရှင်းကြ၊ အရေးယူဆောင်ရွက်ကြသည့် သာဓကများရှိပါသည်။ ရွေးကောက်ပွဲဆိုင်ရာ မသမာမှုများကို ဖြေရှင်းရန် ငြင်းပယ်ခြင်းမှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီကျင့်စဉ် ဖော်ဆောင်မှုအပေါ် ဆိုးကျိုးသက်ရောက်မှု ရှိလာမည်ဖြစ်ကာ အစဉ်အလာဆိုးတစ်ရပ် ဖြစ်စေမည်ဖြစ်သည်။ သို့ပါ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်နှင့်အညီ တပ်မတော်က နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို လွှဲပြောင်းရယူခဲ့ရခြင်းဖြစ်သည်။ တပ်မတော်အနေဖြင့် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များအား ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်အရ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ ဒီမိုကရေစီစံချိန်စံနှုန်းများအတိုင်း နိုင်ငံတော်၏ တာဝန်များကို အနိုင်ရသည့်ပါတီသို့ လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို လေးစားလိုက်နာလျက် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးကာ လွတ်လပ်၍ တရားမျှတမှုရှိသော အထွေထွေရွေးကောက်ပွဲကို ကျင်းပပြီး အနိုင်ရရှိသော နိုင်ငံရေးပါတီအား နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို လွှဲပြောင်းသွားမည်ဖြစ်သည်။
COVID-19 ကပ်ရောဂါကိစ္စ ကိုင်တွယ်ဆောင်ရွက်ရာတွင်လည်း မြန်မာနိုင်ငံသည် အခြားသော ကမ္ဘာ့နိုင်ငံများကဲ့သို့ပင် COVID-19 ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ထိထိရောက်ရောက် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ COVID-19 ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် ပြည်သူများ၏ ကျန်းမာရေး၊ လူမှု-စီးပွား စိန်ခေါ်မှုများ ကျော်လွှားနိုင်ရန်နှင့် စီးပွားရေး ပြန်လည်ဦးမော့လာစေရန်၊ စီးပွားရေးထိခိုက်နစ်နာမှုများ လျော့ပါးစေရန်အတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။ နိုင်ငံတကာ COVID-19 ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်များကိုလည်း အရှိန်အဟုန်ဖြင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည်။ COVAX Facility အစီအစဉ်နှင့် နှစ်နိုင်ငံချင်း ပူးပေါင်း ဆောင်ရွက်မှုအစီအမံများအရ ကာကွယ်ဆေးရရှိရေးကိုလည်း ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် ဖွဲ့စည်းပုံအခြခံဥပဒေ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြခံ ဥပဒေ၌ ပြဋ္ဌာန်းထားသည့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ရည်ရွယ်သည့် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးသွားမည်ဖြစ်ပြီး နိုင်ငံများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကို ဆက်လက်လိုက်နာ ကျင့်သုံးသွားမည်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံများနှင့် ရင်းနှီးချစ်ကြည်သည့် ဆက်ဆံရေး အထူးသဖြင့် အိမ်နီးချင်း နိုင်ငံများနှင့် ရင်းနှီးချစ်ကြည်သည့် ဆက်ဆံရေးကို ရေရှည်တည်တံ့အောင် အပြန်အလှန်လေးစားမှုနှင့် နားလည်မှုပေါ်အခြေခံ၍ ထိန်းသိမ်း ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့အတူ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ၊ အာဆီယံ၊ ဘင်းမ်စတက်၊ မဲခေါင်ဒေသဆိုင်ရာ အဖွဲ့အစည်းများကဲ့သို့သော ဒေသတွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများတွင်လည်း တက်ကြွစွာ ဆက်လက်ပါဝင် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ မြန်မာပြည်သူများအတွက် ပေးအပ်လျက်ရှိသည့် အကူအညီများ လွယ်ကူချောမွေ့စွာ ရရှိစေရေးအတွက်လည်း ဆောင်ရွက်သွားမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားနှင့် နိုင်ငံတကာကတိကဝတ်အတိုင်း လက်ရှိချုပ်ဆိုထားရှိသော နှစ်နိုင်ငံချင်းသာမက နိုင်ငံတကာဆိုင်ရာ သဘောတူညီချက်များကိုလည်း စာချုပ်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်လောင်း အတည်ပြုသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၅ ရက်။

