အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ပြုလုပ်လျက်ရှိသည့် ကနဦးကန့်ကွက်လွှာဆိုင်ရာ ကြားနာပွဲ၊ မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ဖြေကြားမှုသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

(၂၅-၂-၂၀၂၂ ရက်၊ နေပြည်တော်)

ဂမ်ဘီယာနိုင်ငံသည် မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၌ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာ သဘောတူစာချုပ် (Convention on the Prevention and Punishment of the Crime of Genocide) ကို ကျူးလွန်ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆို ထားခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံက တင်သွင်းခဲ့သော ကနဦးကန့်ကွက်လွှာနှင့် ပတ်သက်သည့် ကြားနာမှုကို နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့တွင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ ပြုလုပ်လျက်ရှိပါသည်။ အဆိုပါကြားနာပွဲသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ကိုယ်စားလှယ် (Agent) အဖြစ် လည်းကောင်း၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက အလှည့်ကျကိုယ်စားလှယ် (Alternate Agent) အဖြစ်လည်းကောင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်လျက်ရှိပါသည်။

အဆိုပါကြားနာပွဲတွင် မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ဖြေကြားမှုကို ၂၅-၂-၂၀၂၂ ရက်နေ့၊ မြန်မာစံတော်ချိန် ည ၈:၃၀ နာရီခန့်တွင် စတင်ပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံကိုယ်စားလှယ် (Agent) ဖြစ်သူ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က နိဂုံးချုပ်မိန့်ခွန်းကို ပြောကြားမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံကိုယ်စားပြု နိုင်ငံတကာရှေ့နေများက မြန်မာနိုင်ငံက တင်သွင်းခဲ့သည့် ကနဦးကန့်ကွက်ချက်များနှင့်ပတ်သက်၍ ဂမ်ဘီယာနိုင်ငံ၏ ပထမအကြိမ် လျှောက်လဲမှုများအပေါ် တရားရုံးသို့ တုံ့ပြန်ချေပ ပြောကြားမည်ဖြစ်ပါသည်။

ကြားနာပွဲ၏ နောက်ဆုံးနေ့အဖြစ် ၂၈-၂-၂၀၂၂ ရက်နေ့တွင် မြန်မာနိုင်ငံ၏ ကနဦး ကန့်ကွက်ချက်များနှင့် ပတ်သက်၍ ဂမ်ဘီယာနိုင်ငံက ၎င်း၏ ဒုတိယအကြိမ်လျှောက်လဲမှုကို ပြုလုပ်သွားမည် ဖြစ်ပါသည်။

အဆိုပါ ကြားနာပွဲကို ICJ ၏ဝက်ဆိုဒ်ဖြစ်သော https:// www.icj-cij.org နှင့် ကုလသမဂ္ဂ၏ ဝက်ဆိုဒ်ဖြစ်သော https://media.un.org/ တို့တွင် တိုက်ရိုက်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။